Live Score

 

ညှော်တိုက်သူများ - မာဂျေ

ကိုယ့်မှာ အနာစိမ်းပေါက် နေရင်၊ အနာတစ်ခုခုရှိနေရင်၊ ဒါမှမဟုတ် သွားကိုက်၊ သွာဖုံးရောင်နေရင် အညှော်ခံလို့ မရဘူး။ ဘေးအိမ်က ညှော်တိုက်ရင် အဲဒီခေတ်က ပိတ်ခြင်ထောင်ချပြီး အထဲ ၀င်နေချင်ဝင်၊ အဲလိုမှ မဟုတ်ရင်တော့ ညှော်နဲ့ဝေးရာကို ပြေးပေတော့။ ဒါက လွန်ခဲ့တဲ့ ခေတ်ဟောင်းက မီးဖိုထဲက အညှော်ကို ပြောတာ။


အခုခေတ်မှာ ညှော်တိုက်နေသူတွေ အများကြီး တွေ့လာရတယ်။ လူတွေ ညှော်တိုက်တာ အရင်ကလို ထင်းမီးနဲ့ ဆီနဲ့ ငရုတ်သီးနဲ့ မဟုတ်ပဲ ခေတ်နဲ့အညီ အီလက်ထရောနစ်နည်းနဲ့ တိုက်တဲ့ ညှော်တွေဖြစ်လာတယ်။ ဒီတော့ တရားရုံးတွေမှာ ညှော်တိုက်တဲ့ အမှုတွေက တဖြည်းဖြည်း များလာတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာတင် ညှော်တိုက်တဲ့ အမှုပေါင်း ၉၀ ကျော်ရှိတယ်လို့ မှုခင်းသတင်းထောက် တပည့်မတစ်ဦးက ပြောပြတာလည်း ကြားရတယ်။ အရင်ခေတ်က ညှော်က ရောဂါရှိတဲ့သူ ပဲထိခိုက်တာ။ ဒီခေတ် ညှော်ကတော့ သမ္မတအစ လမ်းဘေးက ဆိုက်ကားနင်းတဲ့သူ အဆုံး ထိခိုက်တဲ့ ညှော်ပေပဲဗျာ။

လောလောဆယ် မာဂျေကြီး အညှော်ခံနေရာတာ တစ်ခုပြောပြချင်တယ်။ ကမ္ဘာအဆင့် ကိုယ်ခံပညာပြိုင်ပွဲကို ဂျပန်မှာ ခြောက်လတစ်ခါ လုပ်နေတယ်။ တစ်ခါမှ မြန်မာတွေကို လူရာသွင်းပြီး အဖိတ်မခံရဖူးပါဘူး။ ဒါကြောင့် မာဂျေက ဂျပန်သွားပြီး အဲဒီအဖွဲ့ကို မြန်မာ့လက်ဝှေ့ဆိုတာ ဘယ်သို့ ဘယ်ပုံဆိုပြီး သွားရှင်းပြတယ်။ အဲဒီက တာဝန်ရှိသူတွေကို ရန်ကုန်ခေါ်ပြီး ရိုးရာလက်ဝှေ့ဆိုတာ ဘယ်လောက် စည်းကမ်းကြီးပြီး ဘယ်လောက် ကြမ်းကြမ်းတမ်းတမ်း ထိုးသတ်ရတယ်ဆိုတာ ပြလိုက်တယ်။ အကျိုးဆက်ကတော့ ထွန်းထွန်းမင်းကို ဂျပန်ကိုဖိတ်ပြီး ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲမှာ လက်ဝှေ့ကျော်တစ်ယောက် ဖိတ်မယ်လို့လည်း ကတိပေးသွားတယ်။ ထွန်းထွန်းမင်းနဲ့ ထိုးဖို့ ပထမ တည်ထားတဲ့သူက ဘရာဇီးရိုးရာ ကိုယ်ခံပညာ ကပိုချန်ပီယံ။ ဒါပေသိ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ အဲဒီပြိုင်ဖက်က လေ့ကျင့်ရင်း ခြေထောက် ကျိုးသွားတယ်။ ဒါကြောင့် ဂျပန်တွေက ပြိုင်ဖက်အသစ် တစ်ယောက်ရှာတော့ အာဖရိကတိုက်က အင်္ဂလိပ် လက်ဝှေ့ချန်ပီယံ တစ်ယောက်နဲ့ ထိုးသတ်ဖို့ ဖြစ်သွားတယ်။

အဲဒီမှာ ညှော်တာစခံလိုက် ရတော့တာပဲ။ ထွန်းထွန်းမင်းရဲ့ ပြိုင်ဖက်က ၈၆ ကီလိုရှိတယ်။ ထွန်းထွန်းမင်းထက် အလေးချိန်စီးတယ်။ ပွဲစီစဉ်သူတွေက ထွန်းထွန်းမင်းကို သက်သက်မဲ့ ဒုက္ခပေးတယ်ဆိုတဲ့ စာတွေ အွန်လိုင်းမှာ တက်လာတယ်။ အမှန်တော့ အရင်က အဲဒီလူက ၈၆ ကီလိုမှာ ထိုးခဲ့ပေမယ့် အခုက ကီလို ၈၀ပဲရှိလို့ အဲဒီအတန်းမှာ ၀င်ထိုးမှာလေ။ ပြီးတော့ ကိုယ်ခံပညာပြိုင် ပွဲဆိုတာ ကိုယ်အလေးချိန်နဲ့ပဲ ပြိုင်တာ။ အကောင်ကြီးတာ၊ အရပ်ရှည်တာက ထည့်သွင်းစဉ်းစားစရာ မလိုဘူးလေ။ ညှော်တိုက်တဲ့ သူတွေက ဘယ်လောက်တောင် အကြံကြီးသလဲဆိုတော့ မာဂျေ့ကိုတင် မကဘူး။ ဂျပန်က ပွဲစီစဉ်သူတွေကိုပါသွားပြီး လူမှုကွန်ယက်က တစ်မျိုး၊ အဲဒီပြိုင်ပွဲရဲ့ တရားဝင် ၀ဘ်ဆိုက်က တစ်သွယ် သွားညှော်ကြတယ်။ ဒီတော့ ဂျပန်ပွဲ စီစဉ်သူတွေက မာဂျေကို အပြစ်တင်ရော။ မင်းတို့ကဘာလဲ။ နိုင်ငံပေါင်းစုံက ကိုယ်ခံပညာရှင်တွေ ခေါ်ပြီး ပြိုင်ပွဲလုပ်နေတာ ငါးကြိမ်ရှိပြီ။ တစ်ခါမှ ငါတို့ ဒီလိုအပြောမခံရဘူး။ အခုတော့ နှစ်ရက်အတွင်း မက်ဆေ့အစောင့် ၅၀ကျော် ပို့ပြီး ငါတို့ကို ဆဲတယ်တဲ့။ နောက်ကို မင်းတို့နိုင်ငံက လက်ဝှေ့ကျော်ကို ငါတို့ ဘယ်လိုခေါ်ရတော့မလဲတဲ့။ ကဲဗျာ အင်တာနက်ပေါ်က ကိုယ်ပျောက်ဆရာတွေရဲ့ ညှော်တိုက်ပုံကတော့။ သူတို့ ညှော်တိုက်တာ အရေးမကြီးဘူး။ ကမ္ဘာ့အဆင့်ပွဲကို ပုံမှန်ဝင်ထိုးဖို့ စီစဉ်ထားတာတွေ ပျက်သလောက်ဖြစ်ကုန်တာ။ ဒီတော့ ညှော်တိုက်သူတွေ မာဂျေကို တိုက်ခိုက်ချင်တာထက် ရိုးရာလက်ဝှေ့ ကမ္ဘာ့အဆင့်ထိရောက်မှာကို မနာလိုမရှု့စိမ့်လို့ ၀င်ပြီးဖျက်လို့ ဖျက်စီးလုပ်တာလို့ပဲ မှတ်ရတော့မှာပေါ့။

နောက်တစ်ခုက ပြိုင်ပွဲဆိုတာ အရှုံးအနိုင်ရှိတယ်လေ။ ကိုယ်ကသာရင် နိုင်ပေမယ့် ကိုယ့်က ပညာမစုံရင် ရှုံးမှာပဲ။ ဆိုင်းရပ်စ် ၀ါရှင်တန်ပထမဆုံး ထွန်းထွန်းမင်းနဲ့ထိုးတော့ ပထမအကြိမ် ရင်ဆိုင် အတွေ့မှာ ထွန်းထွန်းမင်း ဖင်ထိုင်မေ့လဲပြီး အရှုံးကြီးရှုံးခဲ့ပေမယ့် နောက်နှစ်ကြိမ်မှာ အလဲထိုးပြီး ပြန်အနိုင်ယူခဲ့ယုံမက ဆိုင်းရပ်စ်နဲ့ ထိုးသတ်ခဲ့ရတဲ့အတွက် ထွန်းထွန်းမင်း ပညာတွေ အများကြီး ရသွားခဲ့တယ်။ ဒီလိုနည်းနဲ့ ရိုးရာလက်ဝှေ့ကို တစ်ဆင့်ချင်း ကမ္ဘာသိအောင် လုပ်ရမှာ မဟုတ်ပေလားဗျာ။ အခုတော့ ညှော်ဝင်တိုက်တဲ့သူတွေကြောင့် လုပ်ရ ကိုင်ရ အတော်ခက်သွားပြီ။ ဒါက မာဂျေ့ကိုယ်တွေ့ ညှော်တိုက်ခံရတာ။ ဒါနဲ့တင်ပြီးသလားဆိုတော့ ပထမအကြိမ် မြန်မာရိုးရာ လက်ဝှေ့ ချန်ပီယံလုပွဲလုပ်ဖို့ စီစဉ်နေတာကို ဘာလို့ ဟိုလူမခေါ်တာလဲ။ ဒီလူမပါတာလဲ။ မင်းတို့လုပ်တာ မတရားဘူးဆိုပြီး ညှော်လာတိုက်တယ်။ ဒီလူတွေ နောက်ကြောင်းလိုက်ကြည့်တော့ ရိုးရာလက်ဝှေ့ကို ပွဲထဲထိတောင် ကြည့်ဖူးသူတွေ မဟုတ်ဘူး။ အင်တာနက်ပေါ်ကနေ ဆရာယောင်ယောင် သမားယောင်ယောင် လုပ်နေတဲ့ ပရိသတ်အတုတွေ ဖြစ်နေတယ်။

ဒီလိုပဲ နိုင်ငံမှာ တိုးတက်မယ်၊ ငြိမ်းချမ်းမယ်မှ မကြံသေးဘူး။ နိုင်ငံရေးမှာ၊ စီးပွားရေးမှာ၊ အုပ်ချုပ်ရေးမှာ၊ ပညာရေးမှာအိုဗျာ ကဏ္ဍအကုန်လောက် နီးနီးမှာ မဆိုင်ပဲ ညှော်ဝင်တိုက်နေသူတွေ အများကြီး။ အဆိုးဆုံးကတော့ လူမျိုးရေးညှော်၊ ဘာသာရေးညှော်တွေပဲ။ ညှော်တိုက်နေသူတွေဟာ သူများတွေ မစဉ်းစားတာကို စဉ်စားမိတာလား။ အတွေးနယ်ကျွံ နေကြတာလားတော့ မသိဘူး။ ဒါပေမဲ့ အားလုံးက ပညာရှိတွေချည်းပဲ။ အားကစားနဲ့ ပတ်သက်တဲ့ ရယ်စရာကာတွန်းကိုတောင် မြေအောက် အဖွဲ့အစည်းတစ်ခုက ၀ါဒဖြန့်ချိတာတို့၊ အမျိုးသား တိုးတက်ရေးကို ဟန့်တားနှောက်ယှက်မှုတို့ဆိုပြီး ညှော်ဝင်တိုက်တဲ့သူက ရှိသေးတယ်။ ဒီလောက်ပညာရှိတွေပေါတဲ့ နိုင်ငံမှာ ဘာလို့ တိုင်းပြည် မတိုးတက်သလဲ စဉ်းစားလို့တောင်မရဘူး။ ဒါပေသိ အဲဒီပညာရှိတွေ ပြောတာ၊ ဆိုတာ ဖတ်လိုက်ရင် ဘာဖြစ်ဖြစ် မလုပ်နဲ့ မကိုင်နဲ့ဆိုတဲ့ အပျက်ဖက်ချည်းပဲ။ ဥပမာ ဥပမေယျတွေနဲ့တော့ မရေးရဲပါဘူးဗျာ။ အဲလိုရေးရင် မာဂျေက အဲဒီလုပ်ငန်းတွေဆီက ပိုက်ဆံယူပြီးရေးတယ် ဖြစ်ဦးမယ်။ အခုဖြစ်နေတာက အစိုးရကလည်း ဘာမှလုပ်မရ။ စီးပွားရေးလည်းသမားကလည်း လုပ်မရတော့ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အောက်ခြေလူတန်းစားတွေပဲ အလုပ်လက်မဲ့တွေ ဖြစ်ပြီး ဒုက္ခရောက်နေကြတာကို ညှော်ဆရာကြီးတွေ သိမှသိကြရဲ့ လားမေးချင်ပေမယ့်လည်း မေးလည်းမမေးရဲတော့ပါဘူးဗျာ။ ညှော်တိုက်တာလဲ ထပ်မခံချင်တော့ပါဘူး။ ပြန်ပြောနေရတာ အလုပ်ရှုပ်လွန်းလို့။ တကယ်လို့ ဖေ့စ်ဘွတ်ဆိုတာကြီးတာ ပျက်သွားရင် ညှော်တိုက်နေတဲ့သူတွေ တိုက်ခွင့်မရလို့ ရူးများ သွားမလားတောင် မသိပါဘူးဗျာ။

မာဂျေ