Live Score

 

ရွှေနောက်လိုက်ရင်း လွဲနေသူများ - ဦးမျိုးကြီး

ဦးမျိုးကြီး အပါအ၀င် မြန်မာ ဘောလုံးပရိသတ် အားလုံး မျှော်လင့်တကြီး စောင့်မျှော်နေတဲ့ မြန်မာ ယူ-၁၆ အသင်းကတော့ အုပ်စုအဆင့်ကပဲ ပြိုင်ပွဲကို လက်ပြနုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ ရှုံးနိမ့်ခြင်းရဲ့ အကြောင်းတရားကို အဖြေရှာမယ်ဆိုရင် ပထမဆုံး တွေ့ရှိရတာကတော့ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုက စကားပြောသွား ခဲ့တာပဲလို့ ဦးမျိုးကြီးက ဆိုချင်ပါတယ်။ အဆုံးအဖြတ် ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲ၊ မလေးရှားနဲ့ ပွဲတွေမှာ ဒီအချက်ကို သိသိသာသာ မြင်တွေ့ရတယ်ဆိုတာ အဲဒီပွဲစဉ်နှစ်ပွဲကို ကြည့်လိုက်ရသူတိုင်း ထင်ထင်ရှားရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မလေးရှားနဲ့ ပွဲမှာဆိုရင် ကိုယ်ကလူတစ်ယောက် အသာရနေတာတောင် အနိုင်ရအောင် မကစားနိုင်တဲ့အပြင် တစ်ဖက်အသင်းက ၁၀ ယောက်တည်းနဲ့ အနိုင်ဂိုး သွင်းသွားတာကို ခံခဲ့ရတာပါ။ ဒါဆိုရင် မြန်မာ့လက်ရွေးစင်လေးတွေ သူများနည်းတူ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းရေး အတွက် ဘာတွေလိုအပ်နေသလဲ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က သူတို့ကို ဘယ်လိုပုံစံနဲ့ ကျွေးမွေးနေသလဲ သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသူတွေက ချမှတ်ထားတဲ့ အစားအသောက် ပုံစံတွေအတိုင်း ကျွေးမွေးရဲ့လား၊ ကျွေးမွေးဖို့ ညွှန်ကြားထားတယ်ဆိုရင် အဲဒီ ကိုယ်တာအတိုင်း အမှတ်တကယ်ရော စားသောက်ကြရဲ့လားဆိုတာ အဖြေရှာကြရတော့မှာ ဖြစ်ပါတယ်။


တကယ်လို့ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့အတိုင်း အပြည့်အ၀လည်း ကျွေးတယ်၊ ဒါကိုမှ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှု အပိုင်းက တက်မလာဘူး ဆိုရင်တော့ ဘာကြောင့် တက်မလာတာလဲ၊ ကလေးတွေဖက်မှာ ဘာအားနည်းချက်တွေ ရှိနေလဲ၊ နေထိုင်မှုပုံစံတွေ လွဲချော်နေလို့လား၊ ညမအိပ်ဘဲ တယ်လီဖုန်းတွေပဲ ပွတ်နေလား အစရှိတာတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ပြိုင်ပွဲတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် အတွေ့အကြုံကောင်းတွေ ရအောင် သက်ဆိုင်ရာက ဘယ်လိုတွေ စီမံလုပ်ဆောင်ပေးသလဲဆိုတဲ့ အချက်ကလည်း တော်တော်လေး အရေးပါတယ်လို့ ဦးမျိုးကြီးကတော့ သုံးသပ်ပါတယ်။ ပူပူနွေးနွေး အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့ ယူ-၁၆ ဆိုပါတော့ ပြိုင်ပွဲအကြိုကာလမှာ နိုင်ငံတကာက ဘယ်အသင်းနဲ့ ခြေစမ်းခွင့်ရခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ MNL လူငယ်ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တာဟာ နိုင်ငံတကာအဆင့် ပြိုင်ပွဲတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ အတွေ့အကြုံကောင်း တစ်ခု မဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ ဖြစ်စဉ်က သက်သေထူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးမျိုးကြီး အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများကို တစ်ခုလေး အကြံပြုလိုတာကတော့ ရွှေနောက်ကို အာသာငမ်းငမ်း မလိုက်ကြစေလိုတာပဲ ဖြစ်ပါတယ်။

ဘယ်အားကစားနည်းမဆို ၀င်ပြိုင်ရင် အနိုင်ရဖို့ တစ်နည်းပြောရရင် ရွှေဖြစ်ဖို့ ဘောလုံးမှာ ဆိုရင်တော့ ဖလားရဖို့လိုတယ် ဆိုတာမှန်ပါတယ်။ သို့သော်လည်းပဲ အဲဒီလို ရွှေဖြစ်ဖို့ ကြိုးပမ်းကြတဲ့ နေရာမှာ ဘယ်ပြိုင်ပွဲမှာ ရွှေဖြစ်နိုင်သလဲ၊ ရွှေဖြစ်ဖို့ အလားအလာ ကောင်းသလဲအပေါ် မူတည်သုံးသပ်ပြီး အဲဒီ အသင်းတစ်သင်းတည်းအပေါ် ပုံအောအားပေးကာ ကျန်တဲ့သူတွေအားလုံးကို လျစ်လျူရှုထားမိရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမိုရင်ဆိုင်ကြရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဥပမာ အခု အုပ်စုက ထွက်ခဲ့ရတဲ့ ယူ-၁၆ကိုပဲ ကြည့်ပါ။ ပထမဦးဆုံးအကြိမ် ကျင်းပတုန်းက ချန်ပီယံပါ။ နောက်နှစ်ကျတော့လည်း ချန်ပီယံဘွဲ့ကို ထိန်းနိုင်ခဲ့ပါတယ်။ အဲနောက်ပိုင်း ပြိုင်ပွဲတွေမှာတော့ သိတဲ့အတိုင်း အမြင့်ဆုံး ရောက်ခဲ့တာက ဗိုလ်လုပွဲပါ။ ကိုယ့်နောက်မှ မင်းဖြစ်ခဲ့တဲ့ ထိုင်းအသင်းက ကျော်တက်ပြီး ဖလားသုံးကြိမ် ရထားခဲ့တာကို ကြည့်ရင် စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်မှုအပိုင်းမှာ ဘယ်လောက်ထိ အားနည်းနေတယ်ဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လွန်ခဲ့တဲ့ ၁၀စုနှစ်ကျော်က ချန်ပီယံဖြစ်ခဲ့တဲ့ ယူ-၁၆ အသင်းသား လေးတွေထဲက လက်ရွေးစင် အသင်းအတွက် အားထားရတဲ့ ကစားသမား ဘယ်နှစ်ယောက်လောက် ထွက်ပေါ်ခဲ့သလဲ ဆိုတာကိုလည်း သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါနဲ့စပ်လျဉ်းလို့တော့ သိပ်ရှည်ရှည် ဝေးဝေး အဖြေရှာနေစရာ မလိုပါဘူး။ ကမ္ဘာ့အဆင့်ထိ တက်လှမ်းခဲ့တဲ့ ယူ-၂၀ ကိုပဲကြည့်လို့ ဆိုရတော့မှာပါ။ ယူ-၂၀ ပြိုင်ပွဲမှာ ဒေသတွင်းသာမက အာရှအဆင့် အသင်းတွေကိုပါ ကျော်လွှားပြီး ကမ္ဘာ့အဆင့် ၀င်ပြိုင်ခွင့်ရခဲ့တာကြောင့် မြန်မာဘောလုံးပရိသတ်က ယူ-၂၀ အသင်းသားလေးတွေရဲ့ အနာဂတ်ကို အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ သိကြတဲ့အတိုင်း ဘာမှ ဖြစ်မလာခဲ့သေးပါဘူး။ ဖြစ်မလာတဲ့အပြင် တချို့ဆိုရင် ဟိုလိုလိုဒီလိုလိုနဲ့ ဘယ်ရောက်သွားမှန်း မသိသူတွေတောင် ရှိနေခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဒါတွေကို အဖြေရှာနိုင်မှပဲ စစ်မှန်တဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို ခြေချနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာဘောလုံး ပရိသတ်တွေအတွက် စောင့်ကြည့်ရမယ့် ပြိုင်ပွဲကြီးနှစ်ခု အသင့်စောင့်ကြိုနေပြီ ဖြစ်ပါတယ်။ တစ်ခုကတော့ လာမယ့် စက်တင်ဘာလမှာ ယှဉ်ပြိုင်ကစားမယ့် အေအက်ဖ်အက်ဖ် ယူ-၁၉ ပြိုင်ပွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့် ယူ-၁၉ အသင်းအတွက် ခြေစမ်းပွဲတွေကို သြဂုတ်လ နောက်ဆုံးအပတ်မှာ ကျင်းပဖို့ စီစဉ်နေတယ်ဆိုတာ သတင်းတွေထဲမှာ ဖတ်ရပေမယ့် ဖိတ်ကြားတဲ့ အသင်းတွေ လာရောက်မှပဲ ပြိုင်ပွဲအသွင် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပသွားမယ့် အနေအထားမှာ ရှိနေတာကိုလည်း တွေ့ရပါတယ်။ နောက်တစ်သင်းကတော့ လက်ရွေးစင် အသင်းကြီးပါ။ သိတဲ့အတိုင်း ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်လို့ တော်တော်လေး ပြင်ဆင်နေတာကိုလည်း သတိပြုမိပါတယ်။ ဥရောပအထိ ခြေဆန့်ပြီး ခြေစမ်းပွဲတွေ ကစားဖို့ အစီအစဉ် ရှိတယ်ဆိုတာကိုလည်း သတင်းတွေမှာ ဖတ်နေရပါတယ်။ ဒီလိုတွေ ပြင်ဆင်နေတာကြောင့် လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း ဖလားရကောင်းပါလိမ့်မယ်။ ရချင်မှလည်း ရပါလိမ့်မယ်။ တကယ်လို့ ဖလားရခဲ့မယ် ဆိုရင်ရော မြန်မာဘောလုံး အဆင့်အတန်း ပြန်လည်မြင့်မားလာပြီလို့ပြောရင် ရနိုင်ပါ့မလားဆိုတာကို မေးခွန်း ထုတ်လာခဲ့မယ်ဆိုရင်တော့ တော်တော်လေး ဖြေရခက်တဲ့ အခြေအနေမှာရှိနေတယ် ဆိုတာကိုလည်း မြန်မာဘောလုံးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ရှိသူတွေအားလုံး အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အားကစားဆိုတာ တစ်ပွဲတိုးတွေနဲ့ အောင်မြင်မှုတွေမှာ သေချာပေါက် ရှိသွားမယ်ဆိုတာ အတိတ်သင်ခန်းစာတွေက ထင်ထင်ရှားရှားကြီး ပြသခဲ့ပြီး ဖြစ်ပါတယ်။ လက်ရွေးစင် အသင်းကို ဖူးဖူးမှုတ်ထားပြီး ကျန်တဲ့ အသင်းတချို့က ရေချိုးစရာ နေရာမရှိတာကြောင့် ဘုန်းကြီးကျောင်းထဲ သွားချိုးနေရတာမျိုး ဆိုရင်တော့လည်း မြန်မာဘောလုံးက ပြည်သူတွေ လိုလားတောင့်တနေတဲ့ ရွှေဆိုတာနဲ့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လွန်ခဲ့တဲ့ ရက်များအတွင်းက ဖတ်ခဲ့ရတဲ့ ကာတွန်းလေး တစ်ကွက်ကလည်း မြန်မာဘောလုံး  လာကရဲ့ ဖြစ်ရပ်မှန်တွေကို ကွက်ကွက်ကွင်းကွင်း ပြနေသလားဆိုတာလည်း တာဝန်ရှိသူတွေဘက်က စဉ်းစားစရာပါ။ တခြားတော့ မဟုတ်ပါဘူး။ လက်ရှိ မြန်မာလက်ရွေးစင်အသင်း ဥရောပထွက် ခြေစမ်းခွင့် ရမယ်ဆိုတော့ ကစားသမားတွေက မပျော်ဘဲ ဘေးမှာရပ်နေတဲ့ သူနှစ်ယောက်က အပျော်လွန်နေတဲ့ပုံကို ကာတွန်းဆရာက ပုံဖော်ထားတာပါ။ အဲဒီသူနှစ်ယောက် အောက်မှာ ကာတွန်းဆရာ ထည့်သွင်းရေးဆွဲထားတာက ဘာရာထူး ညာရာထူးပဲ ဖြစ်ပါတယ်။ တကယ်တော့ တူမောရိုး ဂျာနယ်မှာ အားကစားနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးလေးတွေ ရေးသားနေတဲ့ ဦးမျိုးကြီး အမည်ရ ဆောင်းပါးရှင်ဟာ သွားလေသူ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌကြီး ဦးခင်မောင်ထွေး (ပျဉ်းမနား)ရဲ့ သားအရင်းခေါက်ခေါက် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဘောလုံး အဖွဲ့ချုပ် အနေနဲ့ ပတ်သက်လာရင် မကြားချင်ပေမယ့် ကြားနေရတာတွေ၊ မသိချင်ပေမယ့်လည်း သိနေရတာတွေ အတိတ်မှာ အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။ သို့သော်လည်းပဲ အဲဒီအချိန်တွေတုန်းက ကိုယ်တိုင်ကလည်း သတင်းမီဒီယာ ဖြစ်နေလေတော့ ကျင့်ဝတ်ကို စောင့်ထိန်းစွာနဲ့ ရေးသားပြောကြားတာမျိုး တစ်ကြိမ်တစ်ခါမှ လုပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ဦးမျိုးကြီးကိုယ်တိုင် နားနဲ့ကြားခဲ့ရတဲ့ ဖြစ်စဉ်လေးတစ်ခုကို ပြန်ဖောက်သည်ချချင်ပါတယ်။ ကြာတော့ ကြာခဲ့ပါပြီ။ ဖခင်ကြီး သက်ရှိထင်ရှားရှိစဉ်ကပါ။ ပြဿနာက ဘောလုံးအကယ်ဒမီ တစ်ခုမှာ ဖြစ်ခဲ့တာပါ။ ထုံးစံအတိုင်း ခံလာရသူတွေက ဖခင်ကြီးဆီမှာလာပြီး သူတို့ရဲ့ တိုင်ကြားစာကိုပါ ဖခင်ကြီးထံ တစ်ပါတည်း ပေးအပ်ခဲ့ပါတယ်။ ဖခင်ကြီး တစ်ယောက်တည်းကို ပေးခဲ့တာ မဟုတ်ပါဘူး။ ဥက္ကဋ္ဌ အပါအ၀င် ဘောလုံးနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ အားလုံးနီးပါးထံ ပေးခဲ့တာပါ။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ သူတို့ဟာ အဲဒီအချိန်တုန်းက အာဏာလက်ဝယ် မရှိသေးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ တွေဆီကိုတောင် စာနဲ့တကွ တိုင်ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။ ၀န်ထမ်းချင်း ပြဿနာပေါ်တာက တစ်ဆင့် အလုပ် ထုတ်ခံရတဲ့လူတွေက တိုင်တာဖြစ်လို့ တစ်ဖက်တည်းကြည့်ပြီး သူတို့မှန်တယ်ဆိုတာ သုံးသပ်ဖို့ မဖြစ်နိုင်ပေမယ့် သူတို့ တိုင်ကြားခဲ့တဲ့ အထဲမှာ သင်တန်းသားတွေ စားသောက်ရတဲ့ အစားအသောက် ကိစ္စရပ်တချို့လည်း ပါဝင်နေတာကြောင့် ဘယ်လိုတွေ စုံစမ်းစစ်ဆေးပြီး ဘယ်လိုတွေ အရေးယူ အပြစ်ပေးခဲ့ကာ ဘာတွေ ဘယ်လို ဆက်ဖြစ်ခဲ့ကြသလဲဆိုတာကိုတော့ စိတ်ဝင်စားမိတာအမှန်ပါ။ ဒါပေမဲ့လည်း အခုချိန်ထိတော့ အများပြည်သူ သိရှိအောင် တရားဝင် ရှင်းလင်းတာမျိုးတော့ မကြားမိသေးကြောင်း တင်ပြရင်း ဒီတစ်ပတ် နားခွင့်ပေးပါဦး။


ဦးမျိုးကြီး