Live Score

 

ဘာမှ မဟုတ်လှသေးတဲ့ မြန်မာ့အားကစား - ဦးမျိုးကြီး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၆ နွေရာသီ အိုလံပစ် အားကစားပွဲတော်ကြီးကတော့ သြဂုတ်လ ၂၁ရက်နေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အားကစား နည်းပေါင်း ၂၈နည်း၊ ပြိုင်ပွဲအမျိုးအစားပေါင်း ၃၀၆ပွဲကို နိုင်ငံပေါင်း ၂၇နိုင်ငံက အားကစားသမားပေါင်း ၁၁၅၅၁ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ မြန်မာနိုင်ငံကတော့ အားကစားသမား ခုနစ်ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရေကူး၊ သေနတ်ပစ်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ဂျူဒိုအား ကစားနည်းတွေမှာ ၀င်ရောက်ယှဉ် ပြိုင်ခဲ့တာဖြစ်ပြီး မြားပစ်အားကစားနည်းမှာ ၁၆ သင်းအဆင့် တက်ရောက်ခဲ့တာက လွဲရင် ကျန်တဲ့အား ကစားနည်းတွေမှာတော့ လက်ရည်စစ်ပွဲတွေ လူရွေးပွဲအဆင့်တွေနဲ့ပဲ ကျေနပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ တကယ်တော့ အိုလံပစ်ပြိုင်ပွဲနဲ့ မြန်မာ့အားကစားသမိုင်းကို ပြန် ကြည့်ရင် မြန်မာအားကစားသမားတွေဟာ ဘယ်ခေတ် ဘယ်အခါကမှလည်း အောင်မြင်မှု မည်မည်ရရ မရှိခဲ့တာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။



မြန်မာနိုင်ငံဟာ အိုလံပစ် ပြိုင်ပွဲရှိရာကို နိုင်ငံလွတ်လပ်ရေး ရတဲ့နှစ် ၁၉၄၈ခုနှစ်မှာ စတင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၇၆ခုနှစ် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ ကျင်းပခဲ့တဲ့ တစ်ကြိမ်ကလွဲရင် ကျန်တဲ့အကြိမ်တိုင်း မပျက်မကွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီလို တစ်ကြိမ်မပျက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ်ရရှိမှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ မြန်မာအားကစားသမားတွေဟာ အခုအချိန်ထိ Colour မ၀င်နိုင်သေးတာကိုလည်း ၀မ်းနည်းစွာ မြင်တွေ့ရပြန်ပါတယ်။ စုစုပေါင်း ၁၇ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အိုလံပစ် ပြိုင်ပွဲကနေ မြန်မာအားကစားသမားတွေ ရွှေ၊ ငွေ၊ ကြေး တစ်ကြိမ်မှ ရခဲ့ဖူးခြင်း မရှိပေမယ့် အိမ်နီးချင်း နိုင်ငံတွေကတော့ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပိုပြီး ဆုတံဆိပ်တွေ ရရှိလာလိုက်ကြတာ အခုဆိုရင် ဗီယက်နမ်၊ စင်ကာပူ နိုင်ငံတွေကတောင် အိုလံပစ်ပြိုင်ပွဲကနေ သူတို့နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်တွေကို ရယူပေးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်း ဗီယက်နမ်က သေနတ်ပစ်ပြိုင်ပွဲကနေ သူတို့နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ရယူပေးခဲ့တာဖြစ်ပြီး အဲဒီလို ရွှေရအောင် စွမ်းဆောင်ပေးခဲ့သူဟာ ဗီယက်နမ် တပ်မတော်က အရာရှိတစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စင်ကာပူအတွက် ရွှေရယူပေးခဲ့တဲ့ အားကစားနည်းကတော့ ရေကူးပြိုင်ပွဲကဖြစ်ပြီး အဲဒီကစားသမားဟာ အိုလံပစ်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အားကစားသမားအဖြစ် မှတ်တမ်းတင်ထားတဲ့ အမေရိကန်က မိုက်ကယ်ဖဲလ်ကို ကျော်ဖြတ်ပြီး ရွှေရရှိခဲ့တာပါ။ သို့သော်လည်းပဲ ရွှေရခဲ့တဲ့ စင်ကာပူနိုင်ငံသားဟာ အမေရိကန်မှာ နေ၊ အမေရိကန်မှာ ကျင့်၊ အမေရိကန်က တက္ကသိုလ်တစ်ခုမှာ တက်ရောက်ပညာသင်ကြားနေတဲ့ စင်ကာပူနိုင်ငံသား ဖြစ်တာကြောင့် သိပ်တော့လည်း အထင်ကြီးစရာ မရှိဘူးလို့ သတ်မှတ်မယ်ဆို သတ်မှတ်လို့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စင်ကာပူကတော့ သူတို့နိုင်ငံ အားကစားသမားက မိုက်ကယ်ဖဲလ်ကို ကျော်ဖြတ်ပြီး အိုလံပစ် ရွှေတံဆိပ်ရတယ်ဆိုပြီး ဂုဏ်ယူနေကြပြီဖြစ်ပါတယ်။ တကယ်တော့ စင်ကာပူတို့ ဗီယက်နမ်တို့က အခုမှ အိုလံပစ်ကနေ ရွှေတံဆိပ် ပထမဆုံးအကြိမ် ရဖူးတာပါ။ ကျန်တဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒို၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတွေက အိုလံပစ်ရွှေတံဆိပ်တွေ ရရှိနေခဲ့တာ ကြာခဲ့ပါပြီ။ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကတော့ ရွှေရခဲ့ဖူးခြင်း မရှိသေးဘဲ ကျန်တဲ့ထိုင်း၊ အင်ဒိုနိုင်ငံတွေက အိုလံပစ်မှာ ရွှေဆုတွေ ရရှိနေတာ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအားကစားသမားတွေဟာ ဘရူနိုင်း၊ လာအို၊ အရှေ့တီမော၊ ကမ္ဘောဒီယား နိုင်ငံတွေနဲ့အတူ အိုလံပစ်မှာ ဆုရရှိဖူးခြင်းမရှိတဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်နေပါတယ်။ တကယ်တော့ အိုလံပစ်မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အားကစား အဆင့်အတန်းဟာ အရှေ့တောင်အာရှ အဆင့်မှာလည်း ဘာမှ သိပ်မဟုတ်လှသေးဘူးဆိုတာကို မှတ်တမ်းတွေမှာ ရှာကြည့်ရင် အထင်အရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခေတ်မှာ တစ်ခါဆိုသလို အောင်မြင်ခဲ့တဲ့ အားကစားသမားတွေ ထွက်ပေါ်လာဖူးခြင်း မရှိဘူးလားဆိုတော့ ရှိခဲ့တယ်လို့ ဆိုတာကို လက်ခံရမှာဖြစ်ပေမယ့် အဲဒီလို ထွက်ပေါ်လာတာဟာ အိုလံပစ်ပြိုင်ပွဲလို အဆင့်ထိ တက်ရောက်အောင်ပွဲခံနိုင်ခဲ့တာ မဟုတ်ဘူး ဆိုတာကိုတော့ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မြန်မာဘောလုံးဟာ အတိတ်က အောင်မြင်မှုတွေ ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်းပဲ အဲဒီအောင်မြင်မှုဟာ ဘယ်လောက်အထိ ခရီးပေါက်ခဲ့ပြီး ဘယ်လောက်အထိ ကြာရှည်ခဲ့သလဲ ဆိုတာကို ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ အားကစားဆိုတာ လိမ်လို့မရတဲ့ ကဏ္ဍတစ်ခုပါ။ စာရွက်ပေါ်မှာ ဘယ်လိုပဲ လိမ်လိမ် ပြိုင်ပွဲ ရောက်တဲ့အခါ အဖြေမှန် ထွက်ပေါ်လာတာ အားကစားပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကျွန်းဆွယ် အားကစားပြိုင်ပွဲတုန်းက အိမ်ရှင် နှစ်ကြိမ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီနှစ်ကြိမ်လုံးမှာ နိုင်ငံအလိုက် ပထမနေရာ ရပ်တည်ခဲ့ပါတယ်။ တစ်ခါ ဆီးဂိမ်းစ်ကာလ ရောက်တော့ ၂၀၁၃မှာ အိမ်ရှင်လုပ်ပါတယ်။ နိုင်ငံအလိုက် ဒုတိယသာ ရခဲ့ပါတယ်။ ပိုဆိုးတာကတော့ အိမ်ရှင်လုပ်ချိန်မှာ ဒုတိယ ရခဲ့ပေမယ့် နောက်နှစ်နှစ်လည်းကျရော အဆင့်ခုနစ်လောက်ထိ ထိုးဆင်းသွားခဲ့တာပါ။ ဒီအချက်တွေကိုကြည့်ရင် မြန်မာအားကစား အသင်းတွေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ စစ်မှန်တဲ့ အောင်မြင်မှုတွေ ဟုတ်မဟုတ် ဆိုတာကို ထင်ထင်ရှားရှား တွေ့ကြရမှာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြန်ကြည့်ရင် တက်လာတဲ့ အစိုးရတိုင်းဟာ သူတို့ခေတ်မှာ အားကစား အောင်မြင်မှုရတယ်ဆိုတဲ့ဂုဏ်ကို ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလေ့ရှိပြီး အောင်မြင်ခဲ့တယ်ဆိုတဲ့ အချက်ကိုရဖို့ တချို့သော အချက်တွေမှာ လိုတာထက်ပိုပြီး ဖော်ပြတာတွေ လုပ်လေ့ရှိခဲ့တာကိုလည်း သမိုင်းမှာ အထင်အရှားမြင် တွေ့ကြရမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ အိုလံပစ်လို ပြိုင်ပွဲမျိုးနဲ့ ချိန်ထိုးကြည့်မယ် ဆိုရင်တော့ ဘာမှမဟုတ်လှဘူး ဆိုတာကို မြန်မာအားကစားသမားတွေ အိုလံပစ်ပြိုင်ပွဲတွေမှာ ရရှိခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေက သက်သေထူလို့ ရနေပါတယ်။ ဒီလိုတွေ ဘာကြောင့် ဖြစ်နေရသလဲဆိုတာကို ကောက်ချက်ချကြည့်မယ် ဆိုရင်တော့ ကိုယ်ရရှိခဲ့ဖူးတဲ့ အင်မတန်သေးငယ်တဲ့ အောင်မြင်မှုလေးတွေ အပေါ်မှာပဲ သာယာနေကြလို့ ဖြစ်တယ်လို့ စာရေးသူကတော့ ကောက်ချက်ချချင်ပါတယ်။ တကယ်လည်း မြန်မာ့အားကစားဟာ ဒေသတွင်းမှာ ဘာမှမဟုတ်ခဲ့သလို အတိတ်မှာ ရွှေထီးဆောင်းခဲ့တယ် ဆိုတာလည်း မှားယွင်းတဲ့ အချက်အလက်တွေ အပေါ်မှာ ကောက်ချက်ချထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်ချင်တယ်ဆိုရင် စစ်မှန်တဲ့ အချက်အလက်တွေအပေါ် မူတည်တွက်ချက်ပြီး မှန်ကန်တဲ့ ဦးဆောင်မှုတွေနဲ့ ရှေ့ဆက်လျှောက်မှပဲ ဖြစ်လာနိုင်မှာ ဖြစ်ကြောင်းပါ။

ဦးမျိုးကြီး