Live Score

 

တရားဝင် သတင်းစာ ရှင်းလင်းပွဲလုပ် ဖြေရှင်းပေးပါ ဥက္ကဋ္ဌကြီးခင်ဗျား - ဦးမျိုးကြီး

ကဲဆိုင်းမပါ၊ ဘုံမဆင့် ဇွဲကပင် ယူနိုတက် ဘောလုံးအသင်းကြီးရဲ့ ပိုင်ရှင် ဦးလှဌေးကတော့ ဒဲ့ကစ်လိုက်ပါပြီ။ လာမယ့်နှစ် ဘောလုံးရာသီ မြန်မာနေရှင်လိဂ် ပြိုင်ပွဲကနေ စတင် ၀င်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးဆိုတာက အစချီပြီး ဒိုင်ကော်မတီ အကြီးအကဲကိစ္စ၊ ဘောလုံးသမားတွေ ပြဿနာ၊ မြန်မာနေရှင်နယ်လိဂ်က ၀န်ထမ်းတွေရဲ့ လုပ်ပေါက်အစရှိတာတွေ အပါအ၀င် မြန်မာနေရှင်နေလိဂ် ရပ်ဝန်းကအတွင်း သတင်းတွေကို ပြောကြားထားတာ ဖြစ်လို့ ဖတ်ရသူအပေါင်း ဟင်ခနဲ ဟာခနဲ ဖြစ်အောင်ကို သူ့ပြောစကားတွေက လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တာပါ။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းရဲ့ ဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့တာ ဖြစ်လို့ မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိတွေ အနေနဲ့ ဒီကိစ္စကို တရားဝင် ရှင်းလင်းဖို့ တာဝန်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုရှင်းလင်းတဲ့ နေရာမှာလည်း ဖေ့စ်ဘွတ်ခ်လို အဖွဲ့ချုပ် ၀က်ဘ်ဆိုက်လို နေရာမျိုးကနေ စာလေးတစ်စောင်လောက် ထုတ်ရှင်းလင်းတာမျိုး မဟုတ်ဘဲ တရားဝင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး ရှင်းရလင်းရမယ့် ကိစ္စမျိုး ဖြစ်တယ်လို့လည်း ဦးမျိုးကြီးကတော့ သတ်မှတ်ချင်ပါတယ်။ ဒါ့အပြင် အဲဒီလိုရှင်းလင်းဖို့ အတွက်ကိုလည်း ဦးမျိုးကြီးက မေတ္တာရပ်ခံလိုပါတယ်။ ဘာကြောင့်ဒီလို တောင်းဆိုရသလဲဆိုရင် ဦးလှဌေး ပြောကြားခဲ့တဲ့ အတိုင်းသာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရပ်ဝန်း အတွင်းမှာ အမှန်တကယ် ဖြစ်ပွားခဲ့တယ်။ ဖြစ်ပွားနေခဲ့တယ်ဆိုရင် မြန်မာ ဘောလုံးလောကရဲ့ အနာဂတ်က စိုးရိမ်စရာ အခြေအနေ တစ်ရပ်ကို ရင်ဆိုင်နေရပြီဆိုတာ သေချာသွားလို့ပဲ ဖြစ်ပါတယ်။

 

အမှန်ကတော့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်တွေထဲက အသင်းတချို့ ဖျက်သိမ်းဖို့ တစ်နည်းပြောရရင် ဘောလုံးအဖွဲ့ချုပ်ထံ ပြည်လည်အပ်နှံဖို့ တောင်းဆိုမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ကလပ်အသင်း တစ်ခုက ဘောလုံးသမားနဲ့ နည်းပြတွေ လုပ်ခလစာ အပြည့်အ၀ မရရှိဘူးဆိုတဲ့ သတင်းတွေကလည်း ရှိနေပါသေးတယ်။ နောက်ဆုံးဖီဖာအထိ တိုင်မယ်လုပ်တော့မှ အဆင်ပြေသွားတယ် ဆိုတာတွေလည်း ကြားနေသိနေရပါတယ်။ သို့သော်လည်းပဲ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနေရှင်နယ်လိဂ်ဘက်က အသေးစိတ် သတင်းထုတ်ပြန်တာမျိုး၊ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်လုပ်ပြီး ဖြေရှင်းတာမျိုး မတွေ့ရသလောက် ဖြစ်ခဲ့ပြီ။ ဘောလုံးသမားတွေနဲ့ တာဝန်ရှိသူတွေဘက်က မီဒီယာတွေနဲ့ တွေ့ပြောတာလောက်ကိုပဲ ပြည်သူတွေက သိခွင့်ရှိခဲ့တာပါ။ နောက်ကလပ်အသင်း တစ်သင်းက တာဝန်ရှိသူ တစ်ဦးရဲ့ သူ့အသင်းလုပ်ပွဲ ကစားဖို့ ကြိုးပမ်းခဲ့တာတွေ ရှိတယ်ဆိုတဲ့ ပြောကြားချက်၊ ဒီပြောကြားချက်တွေ ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်း မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူတွေဘက်က စုံစမ်းဖော်ထုတ်မယ်၊ ကော်မရှင်ဖွဲ့တယ် ဆိုတာလောက်ပဲ သတင်းထုတ်ပြန်ခဲ့ပြီး အခုချိန်အထိ ဒီစွပ်စွဲပြောကြားချက်နဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်တာမျိုး သတင်းစာ ရှင်းလင်းပွဲ လုပ်ရှင်းလင်းတာမျိုး မရှိခဲ့ပါဘူး။ တကယ်တော့ ဒီလိုကိစ္စမျိုးဟာ ဖေ့စ်ဘွတ်ခ် စာမျက်နှာလို ၀က်ဘ်ဆိုက်လို နေရာမျိုးကနေ သတင်းတိုလေး ထုတ်ရှင်းလင်းရမယ့် ကိစ္စ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှလည်း ဒီလိုလုပ်ရိုးလုပ်စဉ် မရှိပါဘူး။ သို့သော်လည်းပဲ မြန်မာနေရှင်နယ်လိဂ်ကတော့ အေးအေးလူလူပဲ အားလုံးကို မျက်ကွယ်ပြုပြီး ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးနေတယ်ဆိုတာလောက်ကို ဖေ့စ်ဘွတ်ခ်မှာ သတင်းတိုလေးတင်ပြီး နှစ်သိမ့်ခဲ့ပါတယ်။ အခုတော့ ဖုံးရင်းဖိရင်းနဲ့ ရှေ့ဆက်လာခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ရဲ့ အနေအထားက လမ်းဆုံလမ်းခွကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါပြောတာက အသင်းအုပ်ချုပ်သူ မဟုတ်ပါဘူး။ ကစားသမားက လုပ်ခမရလို့ ပြောတာမျိုး မဟုတ်ပါဘူး။ ကလပ်အသင်းပိုင်ရှင် တစ်ယောက်က ပြောတာပါ။ နောက်ပြောတဲ့ အချက်တွေကလည်း ဘောလုံးသမားတွေ လုပ်ခမရတာလောက် မဟုတ်ပါဘူး။ မြန်မာနေရှင်နယ်လိဂ် အပေါ် လူထုယုံကြည်မှု ထိပါးစေမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ဥက္ကဋ္ဌကလွဲပြီး ကျန်တဲ့ဝန်ထမ်းပိုင်းတွေက ခရိုနီ သူဌေးကြီးတွေလောက်သာ လောကွတ်ပျူငှာလုပ်ပြီး ကျွန်တော်တို့လို ရိုးရိုးသားသားနဲ့ ကြိုးစားပြီး ၀ါသနာအရ ဘောလုံးအသင်း တည်ထောင်ပေးထားတဲ့ သူတွေကိုကျတော့ လေးစားမှု မရှိသလိုနဲ့ ဆက်ဆံချင်သလိုတွေကိုလည်း ဆိုးရွားစွာ တွေ့မြင်နေရတယ်။

အခုဆိုရင် အဖွဲ့ချုပ်မှာ ၀န်ထမ်းပိုင်း ခန့်အပ်တဲ့ အခါမှာလည်း EC/CEC အဖွဲ့ဝင်တွေ ရှိပါလျက်နဲ့ တိုင်ပင်ဆွေးနွေးခြင်း တစ်စုံတစ်ရာမရှိဘဲ ခန့်အပ်ပြီးမှသာ အသိပေး ပုံစံမျိုးနဲ့ အကြောင်းကြားတာတွေကလည်း မထီမဲ့မြင် လုပ်ရာကျလွန်းတယ်။ ဒါတွေလည်း ပွင့်လင်းမြင်သာမှုရှိစွာ ကျွန်တော်တို့လို EC/CEC အဖွဲ့ဝင်တွေကို ပြောပြတိုင်ပင်ပြီးမှသာ ခန့်အပ်သင့်တယ်။

ကဲကြည့်ပါဦး။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပြောကြားချက်တွေ ဖြစ်နေပါသလဲ။ တကယ်သာ အဲဒီလိုတွေ ဖြစ်နေတယ် ဆိုရင်တော့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အနေနဲ့ ဒီကိစ္စကို လျစ်လျူရှုထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ဦးလှဌေး ပထမဆုံး ပြောကြားခဲ့တဲ့ အချက်ကို ကြည့်ကြရအောင် ရိုးရိုးသားသား ကြိုးစားပြီး ၀ါသနာအရ ငွေကြေးစိုက်ထုတ် သုံးစွဲပေးပြီး မြန်မာ့ဘောလုံး တိုးတက်မြင့်မားရေး အတွက် ဘောလုံးအသင်း တည်ထောင်ပေးထား သူတွေက လူတစ်စု ကောင်းစားရေး အတွက်သာ လုပ်ဆောင်ပေးနေရသလို ဖြစ်နေတယ်။ မြန်မာ နေရှင်နယ်လိဂ်ကို ၂၀၀၉ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အချိန်မှာ ပထမဆုံး စတင်ဖွဲ့စည်းခဲ့တဲ့ အသင်းရှစ်သင်းဆိုတာ ယခင် အစိုးရ လက်ထက်က ခေါင်းဆောင်ကောင်းရဲ့ ညွှန်ကြားချက်နဲ့ အသင်း ဖွဲ့စည်းခဲ့တဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်အုပ်စုသာ ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ဘောလုံးအသင်းတွေ ဖွဲ့စည်းပေးခဲ့တဲ့ သူတွေကတော့ ရိုးသားစွာ ကြိုးစားပြီး ဘောလုံးအားကစားကို ချစ်မြတ်နိုးစိတ် တစ်ခုတည်းနဲ့ အမျိုးသားရေး စိတ်ဓာတ်ကို အရင်းတည်ပြီး မြန်မာဘောလုံး လောကတိုးတက်ဖို့ ၀ိုင်းဝန်းလုပ်ဆောင်ပေးခဲ့သူတွေချည်းသာ ဖြစ်ပါတယ်။ ဒါကို ခရိုနီတွေက သူတို့အချင်းချင်းသာ စည်းရုံးပြီး ကျန်တဲ့ရိုးရိုးသားသားနဲ့ ကြိုးစားထားတဲ့ အသင်းပိုင်ရှင်တွေကို ခွဲခြားဆက်ဆံတဲ့ အနေအထားတွေကိုလည်း ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဒိုင်ကော်မတီ ဥက္ကဋ္ဌကို ဒိုင်အဖွဲ့ဝင် ၆၀ လောက်က လက်မှတ်ရေးထိုး တိုင်တာကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အခုချိန်အထိ (အဲဒီစာကို သြဂုတ်လ၂၃ရက်နေ့မှာ ဖတ်ရပါတယ်) အရေးမယူဘူးဆိုတာလည်း ပါပါတယ်။ ဆိုတော့ကာ သြဂုတ်လ ၂၂ရက်နေ့က ၂၄ရက်အတွင်း ဇွဲကပင်ယူနိုက်တက် ဘောလုံးကလပ် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ပါရှိခဲ့တဲ့ ဦးလှဌေးရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ တရားဝင် ရှင်းလင်းဖို့ လိုလာပါပြီ။ ပထမဦးစွာ ဦးလှဌေး အမှန်တကယ် ပြောခဲ့တာ ဟုတ်မဟုတ်ကို အတည်ပြုရမှာပါ။ အတည်ပြုလို့ သူမပြောခဲ့ဘူး ဆိုရင်တော့ ကိစ္စကပြီးပါပြီ။ အဲဒီလိုမှ မဟုတ်ဘဲ သူအမှန်တကယ် ပြောခဲ့တယ်ဆိုရင်တော့ ဒီကိစ္စက ဒီအတိုင်းပစ်ထားလို့ မရတဲ့ အကြောင်းချင်းရာ တစ်ခုဖြစ်တာကြောင့် မလွဲမသွေ တိုင်းသိပြည်သိ ဖြေရှင်းရမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနေရှင်နယ်လိဂ်ဟာ ပရော်ဖက်ရှင်နယ်ဖြစ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေကသာ ပိုင်ဆိုင်တယ် ဆိုပေမယ့် ဘောလုံး အားကစားနည်းကို ပိုင်ဆိုင်တာက မြန်မာပြည်သူတွေပါ။ လက်ရှိဦးလှဌေး ပြောကြားခဲ့တာတွေဟာ မြန်မာဘောလုံးနဲ့ ပတ်သက်နေတာတွေမို့ မြန်မာပြည်သူတွေကို ရှင်းလင်းချက်ပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော် ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ စောင့်ကြည့်ကြသေးတာပေါ့။

ဦးမျိုးကြီး