Live Score

 

အသိညဏ်နဲ့လက်ဝှေ့ ပေါင်းစပ်ပြီးမှ ရိုးရာလက်ဝှေ့ထိုးပါ - ဦးမျိုးကြီး

လွန်ခဲ့တဲ့ရက်များအတွင်းက ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ အကျော်အမော်တွေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို စိတ်ဝင်စားပြီး အပတ်တကုပ် လေ့လာသင်ယူ ထိုးသတ်ပြိုင်ပွဲဝင်နေတဲ့ နိုင်ငံတကာက လက်ဝှေ့ သမားတချို့ရဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ကြည့်ဖြစ်ခဲ့ပါတယ်။


ပွဲအဖြေကတော့ အားလုံးသိပြီးဖြစ်လို့ ဦးမျိုးကြီးအနေနဲ့ အထွေအထူး အကျယ်ချဲ့ပြောမနေတော့ပါဘူး။ အဲ.. ပြောစရာရှိလာတာက မြန်မာ့လက်ဝှေ့ကို မြန်မာတွေထက် နိုင်ငံခြားသား စိန်ခေါ်သူတွေက ပိုပြီး နည်းစနစ်ကျကျ ထိုးသတ်နိုင်နေပြီလား ဆိုတာကိုပါ။ ဒီကိစ္စကို ဦးမျိုးကြီး သတိထားမိနေတာကြာခဲ့ပါပြီ။ ဟိုအရင်တစ်ကြိမ် ဂျပန်ကလာတဲ့ ကိုယ်ခံပညာရှင်လေးနဲ့ ပြည်တွင်းက မြန်မာ့လက်ဝှေ့သမားလေး ထိုးတဲ့ ပွဲကတည်းကပါ။ အဲဒီပွဲစဉ်မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို မြန်မာ့လက်ဝှေ့ရဲ့ ထိုးလုံးသတ်လုံး ထိုးကွက် သတ်ကွက် နည်းဗျူဟာတွေအတိုင်း ထိုးသတ်သွားနိုင်တာက ဂျပန်လေးဖြစ်နေပြီး မြန်မာကတော့ ခံနိုင်ရည်နဲ့ မာဂုဏ်လို့ ပြောရမယ်ထင်ပါတယ်။ သူလည်းထိုး ကိုယ်လည်းထိုး နှစ်ယောက်ယှဉ်ထိုး၊ မာပြီးခံနိုင်ရည်ရှိတဲ့သူက နိုင်မယ်ဆိုတဲ့အထာနဲ့ ထိုးသွားတာကို တွေ့ခဲ့ရပါတယ်။ အခုပူပူနွေးနွေး ကျင်းပသွားတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲမှာလည်း အဲဒီပုံစံအတိုင်း ထိုးသွားတဲ့ မြန်မာလက်ဝှေ့သမားတွေ မြင်တွေ့လာရတဲ့အခါ ဦးမျိုးကြီး အနေနဲ့ မြန်မာလက်ဝှေ့သမားလေးတွေအတွက် စိုးရိမ်သောက ဖြစ်လာရပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်မှာ တစ်ချက်လေးထိလိုက်တာနဲ့ ဗုံးခနဲ လဲသေသွားနိုင်တဲ့ နေရာတွေရှိနေလို့ပါ။ အဲဒီနေ့က ပွဲစဉ်ကိုပဲ ကြည့်ရင် မြန်မာလက်ဝှေ့သမား လေးတွေက အထက်မှာပြောခဲ့တဲ့အတိုင်း မာဂုဏ်နဲ့ အတင်းဝင်တယ်။ အတင်းထိုးတယ်။ ခံနိုင်ရည်အားကိုးနဲ့ သူလည်းထိုး ကိုယ်လည်းထိုး ယှဉ်ထိုးဖို့ကြိုးစားတယ်။ ဒီအချက်ကို ကောင်းကောင်းသိနေတဲ့ ပြိုင်ဘက်နိုင်ငံခြားသားတွေက ၀င်လာရင် ထောက်တယ်၊ ရှောင်တယ်၊ ပြန်အထွက်မှာ ပတ်တံတောင်လိုဟာမျိုးတွေ ထားသွားတယ်။ မြန်မာလက်ဝှေ့သမားတွေ ထိတယ်။ ကွဲတယ်။ စည်းကမ်းအရ ဆရာဝန်က ဆက်ထိုးခွင့်ပြုတော့ ထိုးတယ်။ တကယ်လို့များ ထောက်ချက်လေး တစ်ချက် လည်မျိုလိုနေရာမျိုးကို ပိုင်ပိုင်နိုင်နိုင်ထိလိုက်လို့ကတော့ အရှိန်နှစ်ခု ပေါင်းထိမှာဖြစ်လို့ မတွေးရဲစရာပဲ။

ဒီနေရာမှာ မြန်မာ့လက်ဝှေ့ ထိုးလုံးသတ်လုံးတွေ ပြောင်းလာနေတာကိုလည်း ဦးမျိုးကြီး သတိပြုမိခဲ့တယ်။ ဟိုးအရင်တစ်ချိန်ဦးမျိုးကြီးတို့ ငယ်ငယ်က မြင်ဖူးတွေ့ဖူးခဲ့တဲ့ မြန်မာလက်ဝှေ့သမားတွေရဲ့ ထိုးလုံး သတ်လုံးတွေက အခုလို မဟုတ်ဘူး။ ရွှေဓူဝံ၊ ထားဝယ်ဝင်းနိုင်၊ သမန်းကျား၊ ၀င်းနိုင်လေးတို့ ခေတ်ကာလက ထိုးလုံးသတ်လုံးတွေက မြန်မာလက်ဝှေ့နည်းစနစ်တွေ အတိုင်း ဒူး၊ တံတောင်၊ လက်သီး၊ ခြေကန်ချက်တွေကို အချိုးကျကျ အ၀င်အထွက်တွေနဲ့ စည်းချက်ကျကျ ထိုးနိုင်သတ်နိုင်ခဲ့ကြတယ်။ အထက်က လက်ဝှေ့သမားကြီးတွေ မတိုင်ခင်ကလည်း အဲဒီအတိုင်းပဲရှိနေမှာပါ။ အဲဒီကာလ နောက်ပိုင်းမှာတော့ အထက်မှာ တင်ပြခဲ့သလိုပဲ မာဂုဏ်ကိုအခြေခံပြီး မင်းလည်းထိုး ငါလည်းထိုး နှစ်ယောက်ယှဉ်ထိုး ခံနိုင်ရည်ရှိတဲ့ သူကအနိုင်ယူကြေးဆိုတဲ့ ဗျူဟာတွေဘက်ကို ပြောင်းလာခဲ့တယ်။ တကယ်တော့ မြန်မာ့လက်ဝှေ့ဆိုတာ အဲလိုလား ဘယ်ဟာက အမှန်လဲဆိုတာ ဦးမျိုးကြီးအနေနဲ့ သုံးသပ်ဖို့ရာ ကျပြန်တော့ ပညာရှင်တစ်ယောက် မဟုတ်လေတော့ ခက်နေပြန်ရော။ ဒါပေမဲ့ ဟိုအရင်တစ်ချိန်က မြန်မာ့လက်ဝှေ့ ထိုးလုံးသတ်လုံးတွေနဲ့ လက်ရှိ မြန်မာလက်ဝှေ့သမားတွေရဲ့ ထိုးလုံးသတ်လုံးတွေက ကွာခြားချက်တွေ ရှိလာနေတာကိုတော့ သတိပြုမိတယ်။ တစ်ချိန်က မြန်မာလက်ဝှေ့သမားကြီးတွေရဲ့ ထိုးလုံးသတ်လုံး ထိုးကွက်သတ်ကွက်တွေကို လက်ရှိအချိန်မှာ နိုင်ငံခြားသားတွေက အသုံးပြုနေပြီး အဲဒီထိုးကွက်တွေထက် ပိုပြီးတစ်ဆင့်မြင့်တဲ့ နှစ်ယောက်ယှဉ်ထိုး ခံနိုင်ရည်ရှိသူ အနိုင်ယူဆိုတာကို မြန်မာ့လက်ဝှေ့သမားတွေက သုံးနေတာလားဆိုတာကိုလည်း ဦးမျိုးကြီးရဲ့ အင်မတန်နိမ့်ပါးတဲ့ ဉာဏ်ရည်လေးလောက်နဲ့ စဉ်းစားနေမိတယ်။ နောက်တစ်ခုက ကြိုးဝိုင်းပေါ်မှာ အနားတောင်းတဲ့ကိစ္စ၊ စည်းမျဉ်းစည်းကမ်းကတော့ တိတိကျကျရှိပါရဲ့။ ဒါပေမဲ့ ကြိုးဝိုင်းဒိုင်က စည်းမျဉ်း အတွင်းကနေ ပညာပြရင်ရတဲ့ အနေအထားလေးတွေ တွေ့နေရတယ်။ ဒါကတော့ ကိုယ့်နိုင်ငံမှာ လာကျင်းပတာ ဆိုလေတော့ ကိုယ့်နိုင်ငံသားကို အသာရစေချင်ကြတာ မဆန်းလှပါဘူး။ ဒါပေမဲ့ မြန်မာလက်ဝှေ့ကို အထင်ကြီးလေးစားလို့ လာရောက်ကြတဲ့ နိုင်ငံခြားသားတွေအမြင်မှာ သိပ်ဘက်လိုက်လွန်းတယ် အမြင်ရောက်သွားရင် ဒါလည်း နည်းနည်း စဉ်းစားသင့်တဲ့ ကိစ္စတစ်ခုလို့ ဦးမျိုးကြီးက မြင်နေတယ်။ တကယ်တော့ ဦးမျိုးကြီးတို့ရဲ့ မြန်မာ့လက်ဝှေ့ဆိုတာ ဟိုးရှေးရှေးကတည်းက ကိုယ်ပိုင်ထိုးလုံးသတ်လုံး ထိုးကွက်သတ်ကွက်တွေနဲ့ တင့်တင့်တယ်တယ် ခမ်းခမ်းနားနား ရပ်တည်လာခဲ့တဲ့ ကိုယ်လုံပညာရပ် တစ်ခုဖြစ်ပြီး နိုင်ငံတကာကလည်း ဒီအချက်အပေါ်မှာ အထင်ကြီးလေးစား အသိအမှတ်ပြုထားခဲ့တာ ဖြစ်တယ်။

ဒါကြောင့်လည်း ဥရောပနိုင်ငံကြီး တချို့မှာတောင် မြန်မာ့လက်ဝှေ့ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီး စနစ်တကျ သင်ကြားပေးနေတာတွေ ရှိနေပြီဖြစ်တယ်။ အဲဒီလိုပဲ နိုင်ငံတကာကို ထွက်ပြီး မြန်မာ့လက်ဝှေ့သမားတွေရဲ့ စွမ်းရည်တွေကို ပြသနေနိုင်ပြီဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာကို အဖြေရှာကြည့်ရင် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ရိုးရာ ကိုယ်ပိုင်နည်းစနစ်တွေနဲ့ ခန့်ခန့်ထည်ထည် ရပ်တည်နိုင်ခဲ့လို့ပဲ ဖြစ်တယ်။ ဒါကို အနိုင်ရရေးအတွက် ဟိုရောရော ဒီရောရောတွေ လျှောက်လုပ်တာမျိုး မဖြစ်သင့်ဘူးလို့ ဦးမျိုးကြီးက မြင်နေတယ်။ ဒါကြောင့် မြန်မာ့လက်ဝှေ့သမားလေးတွေကို ဦးမျိုးကြီး စေတနာရှေ့ထား အကြံပြုလိုတာက အနိုင်အရှုံးထက် မြန်မာ့လက်ဝှေ့ရဲ့ ထိုးလုံးသတ်လုံးတွေဆိုတာ ဒီလိုရှိတယ်။ မြန်မာ့လက်ဝှေ့ရဲ့ နည်းစနစ်တွေက ဒီလို၊ ပြိုင်ဘက်က ကိုယ့်ကို ဘယ်လိုပုံစံနဲ့ ၀င်လာရင် မြန်မာ့လက်ဝှေ့မှာ ဒီလိုနည်းနဲ့ တုံ့ပြန်အနိုင်ယူရတယ်ဆိုတာကို ကမ္ဘာကသိအောင် ချပြနိုင်ဖို့ ကြိုးစားကြပါ။ မြန်မာ့လက်ဝှေ့ရဲ့ ရိုးရာကိုယ်ခံပညာရပ်တွေကို ကမ္ဘာကအသိအမှတ်ပြုအောင် လေးစားအောင် လုပ်ဆောင်ကြပါ။ အားကစားပြိုင်ပွဲ တစ်ခုဆိုတာ ပြိုင်ရင်နိုင်ရမှာဖြစ်ပေမယ့် ကိုယ့်ရိုးရာလက်ဝှေ့ရဲ့ နည်းစနစ်တွေကိုလည်း ကမ္ဘာကသိအောင် ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ တစ်ချိန်တည်းမှာပဲ ပရိသတ်တွေ အနေနဲ့လည်း စင်ပေါ်တက်လာတာနဲ့ အတင်းဝင် အတင်းထိုး၊ အတင်းချ၊ အရပ်ထဲ ရန်ဖြစ်နေသလိုလုပ်ကြဖို့ အောက်ကနေ သြဘာပေး တောင်းဆိုတာလေးတွေ နည်းနည်းလျှော့ကြဖို့ အကြံပြုလိုပါတယ်။ ဒါတွေဟာ အကြောင်းမဲ့ ပြောနေတာမဟုတ်ပါဘူး။

လွန်ခဲ့သော ကာလတစ်ခုက မြန်မာ့လက်ဝှေ့ပွဲဆိုရင် စင်ပေါ်တက်လာတာနဲ့ “ထိုး..ထိုး..မထိုးဘဲ ဟိုချိန်ဒီချောင်းလုပ်နေရင် လုပ်ပွဲ” ဆိုတဲ့ စွပ်စွဲသံတချို့ရှိခဲ့ရာက အစပြုပြီး နောက်ပိုင်း လက်ဝှေ့ပွဲတွေမှာ စင်ပေါ်ရောက်တာနဲ့ အတင်းဝင် အတင်းထိုးအတင်း တိုက်တာတွေ ခေတ်စားလာခဲ့တဲ့ သာဓကတွေ ထင်ထင်ရှားရှား ရှိနေခဲ့လို့ပဲ ဖြစ်ပါတယ်။ အဲဒီနည်းစနစ်အောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုတာ လက်ရှိအချိန်မှာ တချို့သော မြန်မာလက်ဝှေ့ပွဲတွေက သက်သေပြနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့လက်ဝှေ့ရဲ့ သတ်လုံးသတ်ကွက် ထိုးလုံးထိုးကွက်တွေတွေကို မြန်မာလက်ဝှေ့သမားလေးတွေက ကမ္ဘာကိုချပြရင်း ရိုးရာလက်ဝှေ့ ကမ္ဘာမှာ အောင်ပန်းဆင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခြွေရင်း ဒီတစ်ပတ် နားခွင့်ပေးပါဦး။

ဦးမျိုးကြီး