Live Score

 

အိုလံပစ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပွဲ ကျင်းပ (မြန်မာမီဒီယာဂရု(ပ်)က ပြိုင်ပွဲဝင် ကလပ်သင်းများကို တစ်နှစ်စာ ဆန်အိတ်များ ထောက်ပံ့)

အိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မျိုးဆက်သစ် လက်ဝှေ့ပြိုင်ပွဲများကို ဇွန်လ ၂၁ ရက် မွန်းလွဲ ၂း၀၀နာရီက သိမ်ဖြူ အားကစားရုံတွင် ကျင်းပခဲ့ရာ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပွဲစီစဉ်သည့် မြန်မာမီဒီယာဂရု(ပ်)နှင့် ပံ့ပိုးကူညီသူ ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသူများ လာရောက်အားပေးခဲ့ကြသည်။

 


အဆိုပါပွဲတွင် သုံးချီတွဲဆိုင်း လေးဆိုင်း၊ လေးချီတွဲဆိုင်း နှစ်ဆိုင်း၊ ငါးချီတွဲဆိုင်း တစ်ဆိုင်းတို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြရာ သုံးချီတွဲဆိုင်းများတွင် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)က ချစ်လင်း(စစ်ကိုင်း)ကို ဒုတိယအချီတွင် အလဲထိုး အနိုင်ရရှိပြီး ကျန်တွဲဆိုင်းများ ဖြစ်သည့် ကျော်စွာဝင်း (မန္တလေး ယူနိုက်တက်) နှင့် အောင်နေဦး (ဒို့ရိုးရာ)၊ ဒိုးလေး (အဖြူရောင် သွေးသစ်) နှင့် ဇင်ကို (မန္တလေး ယူနိုက်တက်)၊ နေသွေးသစ် (အဖြူရောင်သွေးသစ်)နှင့် ငွေဇေယျာ (စစ်ကိုင်း)တို့မှာ သရေပွဲများ ဖြစ်သွားသည်။

လေးချီပွဲတွင် ထွန်းလွင်မိုး (နဂါးမာန်)က စိုးမိုးအောင်(မြွေဟောက်မင်း)ကို ဒုတိယအချီတွင် အလဲထိုး အနိုင်ရရှိပြီး  စောကြက်ရိုး (STL) နှင့် ရွှေအောင်လံ (မန္တလေးယူနိုက်တက်)တို့ ပွဲမှာ သရေပွဲ ဖြစ်သွားသည်။ ငါးချီစိန် ခေါ်ပွဲတွင် စောသဲဦး(STL)နှင့် ရာမာန်(နဂါးမာန်)တို့ပွဲမှာ သရေပွဲ ဖြစ်သွားးသည်။ ပွဲစဉ်အလိုက် ဆုများကို အားကစား ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ အဖွဲ့ချုပ် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး မြန်မာမီဒီယာဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဍက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ကလပ် ၇ခုအတွက် ကလပ်တစ်ခုလျှင် တစ်လ ဆန်တစ်အိတ်နှုန်းဖြင့် တစ်နှစ်စာ ဆန် ၁၂အိတ်စီကို ပေးအပ်ခဲ့သည်။

မြန်မာမီဒီယာဂရု(ပ်)နှင့် ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသည့် ကုမ္ပဏီများ ပူးပေါင်း စီစဉ်သည့် မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို ဇူလိုင်လ ၅ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး ၀င်ကြေးမရှိ အခမဲ့ အားပေး ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။ လစဉ် ဒုတိယပတ်နှင့် နောက်ဆုံးပတ် တနင်္ဂနွေနေ့များတွင် ကျင်းပမည့် မျိုးဆက်သစ်   မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို မီဒီယာ ပါတနာ ဖြစ်သော Sky Netရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။