Live Score

 

ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Air KBZက အဓိက ပံပိုးကူညီကာ မြန်မာမီဒီယာ ဂရု(ပ်)က ဦးစီးကျင်းပမည့် ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁၇ရက်ညနေ့က စင်ထရယ် ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အဲကမ္ဘောဇမှ တာဝန်ရှိသူများ၊ ရိုးရာ လက်ဝှေ့သမားများ၊ ကလပ်အသင်းများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တတ်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


အခမ်းအနားတွင် မြန်မာရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းအောင်က ရိုးရာလက်ဝှေ့ တိုးတက် မြင့်မားအောင် ဆောင်ရွက်နေပုံများကို ဦးစွာရှင်လင်းပြောကြားသည်။ မြန်မာမီဒီယာဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဍ (ခေါ်) ဆရာမာဂျေက မီဒီယာဂရု(ပ်)မှ တစ်လနှစ်ကြိမ် မျိုးဆက်သစ် လက်ဝှေ့ပွဲများ ကျင်းပနေမှု အခြေအနေနှင့် ဇူလိုင်၁၇ရက်နေ့တွင် ကျင်းပမည့် လက်ဝှေ့ပွဲအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် Air KBZမှ မန်နေဂျင်း ဒါရိုက်တာ ဦးမိုးဆန်းအောင်က Air KBZ အနေဖြင့် CSRလုပ်ငန်းများ အဖြစ် ရိုးရာလက်ဝှေ့ပွဲများ ပံ့ပိုးကူညီနေသည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ခုံဒိုင်ချုပ် ဦးဒေါင်းနီက စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော မီဒီယာများက သိလိုသည်များကို တာဝန်ရှိသူများက ပြန်လည် ဖြေကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

Monsoon Fight မြန်မာ-အမေရိကန် လက်ဝှေ့စိန်ခေါ်ပွဲကို ဇူလိုင် ၂၆ရက် မွန်းလွဲ ၂း၀၀နာရီတွင် သိမ်ဖြူ ရိုးရာလက်ဝှေ့ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဓိက တွဲဆိုင်းများအဖြစ် ဆီးဂိမ်း ရွှေတံဆိပ်ရှင် တူးတူးနှင့် ကမ္ဘာ့ကစ်ဘောင်ဆင် ချန်ပီယံဟောင်း ဆိုင်းရပ်စ်ဝါရှင်တန်၊ ဒဂုံ ရွှေအောင်လံဆုရှင် ၀ါးရင်းတုတ် ဖိုးကေ(T&T) နှင့် အမျိုးသား အားကစားပွဲ ရွှေတံဆိပ်ရှင် သွေးသစ်အောင် (နဂါးနီ)တို့ အပါအ၀င် ငါးချီစိန်ခေါ်ပွဲ ငါးပွဲ၊ လေးချီ စိန်ခေါ်ပွဲနှစ်ပွဲ ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ လက်မှတ်များကို ကျပ်တစ်သောင်း၊ နှစ်သောင်းနှင့် ကျပ်သုံးသောင်းတန်များ ခွဲခြားရောင်းချမည်ဖြစ်ကြောင်း၊ တရားဝင်ရုပ်သံလိုင်းများသာ သတင်းမှတ်တမ်း ယူရန် ရုပ်သံရိုက်ကူးခွင့်ပြုမည်  ဖြစ်ပြီး You Tube အတွက် စင်ကာပု အခြေစိုက် လက်ခမောင်း မီဒီယာကိုသာ တရားဝင် ခွင့်ပြုထားသည့် အတွက် ကျန်မည်သူမှ ဗီဒီယို ရိုက်ကူးခြင်းကို ခွင့်မပြုပါကြောင်း ထည့်သွင်း ရှင်းလင်းသွားသည်။