Live Score

 

ထွန်းထွန်းမင်းနှင့် ဂျပန်တွင် ထိုးသတ်မည့် ပြိုင်ဘက်ပြောင်းလဲ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဇူလိုင် ၃၁ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ဂမ်လျူဂျီးမားကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ ပြိုင်ပွဲ၌ ထွန်းထွန်းမင်းသည် ပြိုင်ဘက်အသစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဂမ်လျူဂျီးမား ပြိုင်ပွဲကော်မတီထံမှ သိရသည်။


မူလက ထွန်းထွန်းမင်းနှင့် ကီလို ၈၀ တန်းတွင် ယှဉ်ပြိုင်မည့်သူမှာ ဘရားဇီးလ်နိုင်ငံမှကပိုကိုယ်ခံ ပညာချန်ပီယံမားကပ်စ်ဗင်ဆီးနီးယပ်စ်ဖြစ်သော်လည်း သူသည်လေ့ကျင့်စဉ် ခြေထောက်ကျိုးသွား သဖြင့် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။ ထို့အတွက် ဂမ်လျူဂျီးမားပြိုင်ပွဲကျင်းပရေးကော်မတီက ထွန်းထွန်းမင်းအတွက် ပြိုင်ဘက်အသစ်ကို ရုရှား၊ ဂျပန်နှင့် အာဖရိကနိုင်ငံများမှ ရှာဖွေခဲ့သည်။ ဇူလိုင် ၁၄ ရက်နေ့တွင် ထွန်းထွန်းမင်းနှင့်ထိုးသတ်ရန် အသစ်ရွေးချယ်လိုက်သော ဒီဒီယာနင့်ဘ်အမည်ကို တရားဝင်ကြေညာခဲ့သလို မြန်မာနိုင်ငံသို့လည်း အကြောင်းကြားခဲ့သည်။ ဒီဒီယာနင့်ဘ်သည် အသက် ၃၃ နှစ်ရှိပြီး ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်၏ အာဖရိကတိုက်ချန်ပီယံဟောင်းဖြစ်ကာ ယခု MMA သို့ ပြောင်းလဲယှဉ်ပြိုင်နေသူ ဖြစ်သည်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံသားဖြစ်ပြီး ယခုအခါ တောင်အာဖရိက နိုင်ငံတွင် အခြေချနေထိုင်လျှက်ရှိသည်။ ဒီဒီယာသည် ကိုယ်အလေးချိန် ၈၀ ကီလိုရှိပြီး အရပ် ၅ ပေ ၁၀ လက်မရှိကြောင်းနှင့် သူ၏လက်ဝှေ့အမည်မှာ IRON MAN ဖြစ်ကြောင်း သိရသည်။