Live Score

 

“တိုင်းရင်းသား အရေခြုံလူမျိုးခြား စီးပွားရေးသမားတွေက ရိုးရာလက်ဝှေ့ကို ထိန်းသိမ်းရကောင်းမှန်း မသိဘူး”

မြန်မာမီဒီယာဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက တိုင်းရင်းသား အရေခြုံ လူမျိုးခြား စီးပွားရေးသမားများ အနေဖြင့် ရိုးရာလက်ဝှေ့ကို ထိန်းသိမ်းရကောင်းမှန်း မသိဘဲ နိုင်ငံမှငွေကို အိတ်ထဲထည့်ရန် အတွက်သာ တိုင်းရင်းသား အမည်ခံ ထားကြသည့် အတွက် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ အဆင့်ထိ တက်လှမ်းနိုင်ရန် တိုင်းရင်းသားစစ်စစ် စီးပွားရေး လုပ်ငန်းရှင်များ၏ ပံ့ပိုးမှုကိုသာ အဓိကထားရမည် ဖြစ်ကြောင်း သြဂုတ် ၆ ရက်နေ့ ညနေက စင်ထရယ်ဟိုတယ်၌ ပထမအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အတွက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာရိုးရာလက်ဝှေ့ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အဓိက ပံ့ပိုးကူညီသည့် Air KBZ၊ MAI ဒဂုံအဖျော်ယမကာ ကုမ္ပဏီ လီမီတက်၊ Max Energy၊ စကိုင်းနက်မှ တာဝန်ရှိသူများနှင့် လက်ဝှေ့ကလပ်များမှ နည်းပြများ၊ ပြိုင်ပွဲဝင်မည့် ရိုးရာလက်ဝှေ့ကျော်များ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲသို့ နိုင်ငံပေါင်း ကိုးနိုင်ငံမှ  လက်ဝှေ့ကျော်များ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်တွင်းဒိုင်များ သာမက ရိုးရာလက်ဝှေ့လိုင်စင်ရ ရုရှား၊ သြစတေးလျနှင့် ဂျပန်ဒိုင်များပါ တာဝန်ယူမည် ဖြစ်သည်။ ပြိုင်ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့နည်းစနစ် အတိုင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ငါးချီအထိ အရှုံးအနိုင် မပေါ်ပါက ပူးတွဲချန်ပီယံ သတ်မှတ်မည်ဟု သိရသည်။ ပြည်ပပြိုင်ပွဲဝင်များ ရွေးချယ်ရာတွင် သက်ဆိုင်ရာနိုင်ငံ အလိုက် ချန်ပီယံများကို ရွေးချယ်ထားကြောင်း၊ ပြိုင်ပွဲဝင်များသည် ကြိုးဝိုင်းအတွင်း မြန်မာ့ရိုးရာ လက်ဝှေ့ရေးကိုသာ ပြရမည်ဖြစ်ကြောင်း၊ ယခုပွဲမှာ ကုန်ကျစရိတ်ကြီးမြင့်ပြီး စီးပွားရေး လုပ်ငန်းများသို့ ပံ့ပိုးကူညီရန် ကမ်းလှမ်းခဲ့သော်လည်း တိုင်းရင်းသား လုပ်ငန်းရှင်များကသာ ပံ့ပိုးကူညီပြီး မြန်မာနိုင်ငံ အတွင်း စီးပွားလာရှာနေသော နိုင်ငံခြား ကုမ္ပဏီများနှင့် တိုင်းရင်းသား အရေခြုံ လူမျိုးခြား စီးပွားရေး လုပ်ငန်းရှင်များက လုံးဝစိတ်မ၀င်စားကြောင်း ဦးဝဏ္ဏက ပြောကြားသွားသည်။ မြန်မာမီဒီယာ ဂရု(ပ်) အနေဖြင့် ယခုပြိုင်ပွဲပြီးပါက အောက်တိုဘာလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရန်ကူရန်ခန်းမတွင် မြန်မာ့ရိုးရာ လက်ဝှေ့ဂရင်းပရီ ၂၀၁၆ ပြိုင်ပွဲကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာမီဒီယာ ဂရု(ပ်)သည် သြဂုတ် ၇ ရက်နေ့တွင်လည်း မျိုးဆက်သစ်ပွဲစဉ် ၁၅ အဖြစ် ရန်ကုန်တိုင်း ရိုးရာလက်ဝှေ့ လူရွေးပွဲကို ကျင်းပပေးခဲ့သည်။ ပထမအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံလုပွဲကို သြဂုတ် ၂၁ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား အားကစားရုံ(၁)၌ ကျင်းပမည်ဖြစ်ပြီး ရုံဝင်ကြေးမှာ ကျပ်သုံးသောင်းနှင့် ကျပ်တစ်သောင်းဟု သိရသည်။