Live Score

 

ဂျပန်တွင် ဒုတိယအကြိမ် ကျင်းပမည့် ရိုးရာလက်ဝှေ့ ပြိုင်ပွဲ၌ အမျိုးသမီး အထူးပွဲစဉ်ပါဝင်မည်

ဂျပန်နိုင်ငံတွင် ဒုတိယ အကြိမ် ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၌ အထူးတွဲဆိုင်း အမျိုးသမီးပွဲစဉ်အဖြစ် ဂျပန်နပန်း သမား မိုမိုကိုနှင့်  မြန်မာ့ရိုးရာ လက်ဝှေ့မယ် ရွှေစင်မင်းတို့ ပွဲစဉ် ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


မြန်မာမီဒီယာဂရု(ပ်)နှင့် ဂျပန်အခြေစိုက် Zero-1 Enter- tainment တို့ ပူးပေါင်းစီစဉ်ပြီး Letwhei GP in Japan 2017 ဟု အမည်ပေးထားသည့် အဆိုပါ ပြိုင်ပွဲကို လာမည့် ၂၀၁၇ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွဲဆိုင်းခြောက်ခုဖြင့် ကျင်းပရန်  စီစဉ်ထားကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏကပြောသည်။

‘‘တွဲဆိုင်းခြောက်ဆိုင်းပါမယ်။ ဒီပွဲမှာ ထူးခြားတာက အမျိုးသမီးတွဲဆိုင်းတစ်ဆိုင်း ထည့်ပြီး ကျင်းပမယ်။ မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်မှာပါ’’ဟု ဦးဝဏ္ဏကပြောသည်။ ယင်းလက်ဝှေ့ပွဲတွင် ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများကို ဂျပန်နိုင်ငံမှ ပွဲစီစဉ်သူများကိုယ်တိုင် လာရောက်ရွေးချယ်မည်ဖြစ်ပြီး ဒီဇင်ဘာအတွင်း ပုဂံ၌ ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှ လက်ဝှေ့သမားများအား ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၂၇ ရက်က ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဂျပန်ပရိသတ်များ စိတ်ဝင်စားခြင်းကြောင့် ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ဦးဝဏ္ဏကပြောသည်။

တိုကျိုမြို့တွင် ပထမအကြိမ် ကျင်းပသည့်ပြိုင်ပွဲ၌ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်း အပါအဝင် တူးတူး၊ စိုးလင်းဦး၊ ကြယ်စင်ဖြိုး အစရှိသည့် နာမည်ကြီးကစားသမားများ ပါဝင်သော်လည်း ဒုတိယအကြိမ်၌ ယင်းကစားသမားများပါဝင်ရန် မသေချာကြောင်း သတင်းရရှိသည်။