Live Score

 

မြန်မာဘောလုံးလောက ဖွံ့ဖြိုးရန် အတွက် မြန်မာဘရူဝါရီမှ ငါးနှစ်အတွင်း ဒေါ်လာ ၆ သန်း ထောက်ပံ့မည်

မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပြည်တွင်း အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာဘရူဝါရီ ကုမ္ပဏီက မြန်မာဘောလုံး အဖွဲ့ချုပ်ထံသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်း ဖြင့် ၅ နှစ်စာ ဒေါ်လာ ၆ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။


စာချုပ်အရ မြန်မာဘရူဝါရီ ကုမ္ပဏီအနေဖြင့် မြန်မာ့ဘောလုံး အဖွဲ့ချုပ်ထံသို့ ယခုနှစ်မှစပြီး ၂၀၂၀ ခုနှစ် အထိ ငါးနှစ်အတွင်း ဒေါ်လာ ၆ သန်း ထောက်ပံ့သွားမည်ဖြစ်ပြီး သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇွန် ၅ ရက်က ရန်ကုန်မြို့ Novotel ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ''မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မြန်မာဘရူဝါရီ ကုမ္ပဏီနဲ့ လက်တွဲခွင့်ရတာများစွာ ကျေနပ်မိပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမှာပါ။ တစ်ဖက်ကလည်း သူ့ကုမ္ပဏီပစ္စည်းကို လူအများ စိတ်ဝင်စားမယ့် ဘောလုံး အားကစားမှာ ကြေညာသလိုဖြစ်ပြီး အောင်မြင်မှု ရရှိမှာပါ''ဟု ဦးဇော်ဇော်ကဆိုသည်။

မြန်မာဘောလုံး အဖွဲ့ချုပ်သည် မြန်မာဘရူဝါရီနှင့် လက်တွဲပြီး ယခုနှစ်အတွင်း အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၆ အမည်ဖြင့်လည်းကောင်း၊ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ၂၀၁၆ အမည်ဖြင့် ကျင်းပသွားမည်ဟု ဦးဇော်ဇော်က ပြောသည်။

''မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်မှုရဖို့ MFFနဲ့ အတူ လက်တွဲကာ ဆောင်ရွက်သွားမှာပါ။ လူကြိုက်အများဆုံး အားကစားနည်း တစ်ခုဖြစ်တဲ့ ဘောလုံး အားကစားနည်းကို ပံ့ပိုးခွင့်ရတဲ့ အတွက် အရမ်းပဲဝမ်းသာမိပါတယ်လို့'' မြန်မာဘရူဝါရီ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ တာကာရှိမီအကာတာက ပြောသည်။

မြန်မာဘရူဝါရီ ကုမ္ပဏီသည် မြန်မာဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသော မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်များတွင် Title Sponsor အဖြစ် သုံးနှစ်ဆက်တိုက် ပံ့ပိုးပေးထားခဲ့သည်။ မြန်မာဘောလုံးလောက၏ အသုံးစရိတ်မှာ တစ်နှင်လျှင် အမေရိကန် ဒေါ်လာသန်း၂၀ ရှိကြောင်းလည်း သိရသည်။