Live Score

 

တစ်လတာ ဥရောပခရီးစဉ်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခြေစမ်းပွဲခုနစ်ပွဲ ကစားရန် စီစဉ်ထား

ASEAN Suzuki Cup ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ဥရောပသို့ တစ်လတာ ခြေစမ်းခရီးစဉ် သွားရောက်မည်ဖြစ်ရာ ခရီးစဉ်အတွင်း နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရပ်စ်နှင့် အီတလီနိုင်ငံတို့တွင် ခြေစမ်းပွဲခုနစ်ပွဲ ကစားရန် စီစဉ်ထားကြောင်း သိရသည်။


မြန်မာအသင်းနှင့် ကစားမည့် အသင်းများမှာ နယ်သာလန် ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်း အသင်းများ၊ ဘယ်လ်ဂျီယံ ဒုတိယတန်းနှင့် တတိယတန်း အသင်းများ၊ ဆိုက်ပရပ်စ် ပထမတန်း အသင်းတစ်သင်းနှင့် လက်ရွေးစင်အသင်းတို့ ဖြစ်ကြပြီး အီတလီကလပ် အသင်းတစ်သင်းနှင့်လည်း ကစားရန် စီစဉ်နေသည်ဟု သိရသည်။ ခြေစမ်းပွဲအတွက် လက်ရွေးစင်အသင်း လူစာရင်းကို နည်းပြချုပ်က ၄င်း၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခဲ့ခြင်းဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ်အတွက် ရ/သုံး ငွေစာရင်းရှင်းတမ်းနှင့် ၁၀ နှစ်တာ ငွေကြေးသုံးစွဲမှုတို့ကို မကြာသေးမီက ထုတ်ပြန်ခဲ့ရာ ၂၀၁၅ ခုနှစ်အတွက် ၀င်ငွေစုစုပေါင်း ငွေကျပ် သန်း ၈၅၀၀ ကျော်ရှိခဲ့ပြီး အသုံးစရိတ်သည် ကျပ်သန်း ၈၄၀၀ ကျော် ရှိခဲ့သည်ကို တွေ့ရသည်။ ထိုအသုံးစရိတ်ထဲတွင် ခရီးသွားလာရေးနှင့် နေထိုင်စရိတ်မှာ ကျပ်သန်း ၁၂၀၀ ရှိသည်ကို တွေ့ရသည်။ နိုင်ငံခြားသား နည်းပြ လစာနှင့် အသုံးစရိတ်အတွက် ကျပ်သန်း ၆၅၀ ကျော် သုံးစွဲခဲ့ပြီး ပြည်တွင်းနည်းပြများ လစာအတွက် ကျပ်သန်း ၇၉ သန်းကျော် သုံးစွဲခဲ့သည်။ ထိုရသုံးစာရင်းအရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ကိုယ်ပိုင်ထည့်ဝင်ငွေ ကျပ်သန်း ၂၁၇၀ ရှိခဲ့သည်။

ပြီးခဲ့သည့် ၁၀ နှစ်တာကာလ အတွင်း ၂၀၁၅ ခုနှစ်သည် ဘောလုံးအဖွဲ့ချုပ်၏ ငွေကြေးသုံးစွဲမှု အများဆုံးနှစ် ဖြစ်ခဲ့ပြီး ရလဒ်အဖြစ် နယူးဇီလန် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်နိုင်ခြင်းနှင့် စင်ကာပူ ဆီးဂိမ်းတွင် ငွေတံဆိပ်ရခဲ့ခြင်းတို့ ရှိခဲ့သည်။ ထို ၁၀ နှစ်တာ ကာလအတွင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ကိုယ်ပိုင်ဝင်ငွေထည့်ဝင် သုံးစွဲခြင်းမှာ ကျပ် ၁၉ ဘီလီယံကျော် ရှိခဲ့သည်ဟု စာရင်းများအရ သိရသည်။