Live Score

 

စာနယ်ဇင်းရှင်းလင်းပွဲကို မက်ဆီဦးဆောင်သပိတ်မှောက်

အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ပွဲစဉ်အပြီးတွင် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဦးဆောင်ပြီး အာဂျင်တီးနား ကစားသမား ၂၃ဦးလုံးက မီဒီယာများ၏ မဟုတ်မမှန်ရေးသားဖော်ပြမှုကြောင့် မီဒီယာသပိတ်မှောက်မှု ပြုလုပ်ခဲ့ကြကြောင်း ဂိုးလ်ဒေါ့ကွန်းက ဖော်ပြသည်။ အာဂျင်တီးနား အသင်းသည် ကိုလံဘီယာအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးနောက် ယင်းသို့ကြေညာခဲ့ခြင်း ဖြစ်သည်။

 

အာဂျင်တီးနားတိုက်စစ်မှူး လာဗက်ဇီသည် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ဆေးလိပ် သောက်သုံးခဲ့ခြင်းကြောင့် ကိုလံဘီယာနှင့် ပွဲစဉ်တွင် အရန် ကစားသမားအဖြစ်သာပါဝင်ရလိမ့်မည်ဟု အာဂျင်တီးနားရေဒီယို တစ်ခုကကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာဂျင်တီးနားသတင်းထောက် ဂါဘရီယယ်က အသက် (၃၁)နှစ်ရှိ လာဗက်ဇီ ဆေးလိပ်သောက်သုံးနေသည်ကို ၄င်းကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု သူ၏ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ ဂါဘရီယယ်က '' မနက်ဖြန် ကိုလံဘီယာနဲ့ ပွဲမှာ လာဗက်ဇီ ပါဝင် နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူညဘက် အသင်းလေ့ကျင်းရေးကွင်းအတွင်း ဆေးလိပ် သောက်နေတာကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရ ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးပါ'' ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ကစားသမားတစ်ဦးကို ကွင်းအတွင်း ကစားနေချိန်တွင် လေးစားမှုပေးရမည်ဖြစ်သလို လူတစ်ဦး တစ်ယောက်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်အပေါ် လိုက်လံဝေဖန်မှုများမှာ သူတစ်ဦး၏ ဘဝကို သတ်နေ ခြင်းပင်ဖြစ်ကြောင်း မက်ဆီက ထည့်သွင်းပြောကြား ခဲ့သည်။ အာဂျင်တီးနား အသင်းသည် အစောပိုင်း ဘရာဇီးကို သုံးဂိုးပြတ်ဖြင့်အရေးနိမ့်ပြီးနောက် အမှတ်ပေးဇယား အဆင့်(၆)နေရာအထိ ရောက်ရှိ ခဲ့သော်လည်း ကိုလံဘီယာကို ပြန်လည်အနိုင်ကစားနိုင်သဖြင့်အမှတ်ပေးဇယား အဆင့်(၅)နေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ရာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် အလားအလာ ကောင်းသွားခဲ့ပြီ ဖြစ်သည်။

အခြားတောင်အမေရိက ခြေစစ်ပွဲတစ်ပွဲတွင် ချီလီအသင်းက ဥရုဂွေးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် (၃)နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။