Live Score

 

ပေးဂိုးမရှိစံချိန် အင်္ဂလန်ဆက်ထိန်းပြီး ဂျာမနီ ရာနှုန်းပြည့်နိုင်ပွဲဆက်

ကမ္ဘာ့ဖလား ဥရောပဇုန်ခြေ စစ်ပွဲအုပ်စု(F)ပွဲစဉ်တွင် အင်္ဂလန် က လစ်သူယေးနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ပေးဂိုးမရှိစံချိန် ဆက်ထိန်းခဲ့သည်။ ဥရောပဇုန်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်အသင်း များတွင် အင်္ဂလန်တစ်သင်းသာ လက်ရှိအချိန်အထိ ပေးဂိုးမရှိ အောင် ကစားထားနိုင်သည်။

 

ယင်းပွဲတွင် ၂၀၁၃ နိုဝင်ဘာ နောက်ပိုင်း ပထမဆုံးအကြိမ် လက်ရွေးစင်အသင်း၌ ပြန်လည် ရွေးချယ်ခံခဲ့ရသည့် ဂျာမိန်းဒီဖိုး (၃၄)နှစ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး အင်္ဂလန်အတွက် ၎င်း၏ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့သည်။ လူစားဝင်လာသူ ဂျေမီဗာဒီက ဒုတိယ ဂိုးသွင်းယူပြီးနောက် ၂-၀ ဂိုးရလဒ်ဖြင့် ပွဲသိမ်းနိုင်ခဲ့သော အင်္ဂလန်သည် ယင်းနိုင်ပွဲကြောင့် ငါးပွဲကစား၊ လေးပွဲနိုင်၊ တစ်ပွဲ သရေ၊  ရှုံးပွဲမရှိသေးဘဲ အုပ်စု ပထမနေရာကို ၁၃ မှတ်ဖြင့် ဦး ဆောင်နိုင်ခဲ့သည်။


  ဆလိုဗက်ကီးယားက မော်လ်တာကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ဒုတိယနေရာ၌ ရပ်တည်နေ ကာ အင်္ဂလန်နှင့် လေးမှတ်ကွာဟ နေသည်။ စကော့တလန်မှ ခရစ္စ မာတင်၏ တစ်လုံးတည်းသော နောက်ကျအနိုင်ဂိုးဖြင့် ဆလိုဗေးနီးယားကို အနိုင်ရပြီး ကမ္ဘာ့ ဖလားဝင်ရောက်ခွင့်မျှော်လင့် ချက် ပြန်ရှင်သန်ခဲ့သည်။ သို့ သော် စကော့တလန်သည် ရမှတ် ရှစ်မှတ်ရရှိထားသည့် အဆင့် သုံး နေရာမှ ဆလိုဗေးနီးယားထက် တစ်မှတ်လျော့နေသေးသည်။

အုပ်စု (C)တွင် ဂျာမနီက အဇာဘိုင်ဂျန်ကို ၄-၁ ဂိုးဖြင့်အ နိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ သည်။ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီသည် ယခုနိုင်ပွဲကြောင့် ငါးပွဲကစား ငါးပွဲစလုံးအ နိုင်ရကာ ၁၅ မှတ်ဖြင့် အုပ်စုကို ဦးဆောင်ထားသည်။

ချက်က ဆမ်မာရီနိုကို တိုက် စစ်ခြေစွမ်းပြကာ ခြောက်ဂိုးပြတ် အနိုင်ယူပြီး ရှစ်မှတ်ရရှိခဲ့သဖြင့် အုပ်စု ဒုတိယနေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်စေခဲ့သည်။ မြောက်အိုင်ယာလန်ကလည်း နော်ဝေးကို ၂-၀ ဂိုးဖြင့် ချေမှုန်းပြီး ၁၀ မှတ်ရရှိခဲ့ကာ အုပ်စုဒုတိယနေရာ၌ ဆက်မြဲနေသည်။

အုပ်စု (E) တွင် ပိုလန်က အနီးဆုံးပြိုင်ဘက် မွန်တီနီဂရိုးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ၁၃ မှတ် ဖြင့် အုပ်စုဗိုလ်နေရာ၌ ဆက်လက် ရပ်တည်နေသည်။ မွန်တီနီဂရိုးသည် ခုနစ်မှတ်ဖြင့် ဒုတိယနေရာရရှိထားပြီး ဂိုးမရှိသရေကျခဲ့သော ဒိန်းမတ်နှင့် ရိုမေးနီးယားမှာ တတိယနှင့် စတုတ္ထနေရာတွင်ရှိနေသည်။