Login

Live Score

 

ကွန်ဖက်ဒရေးရှင်းဖလားကို ဂျာမနီအသင်း ပထမဆုံးအကြိမ် ဆွတ်ခူး

ရုရှားနိုင်ငံ စိန့် ပီတာစဘတ်မြို့၌ ကျင်းပခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလားဗိုလ်လု ပွဲတွင် ကမ္ဘာ့ဖလားချန်ပီယံဂျာမနီ က ကိုပါအမေရိကချန်ပီယံ ချီလီ ကို အနိုင်ယူကာ ၎င်းတို့အတွက် ပထမဆုံး ကွန်ဖက်ဒရေးရှင်း ဖလား ဆွတ်ခူးနိုင်ခဲ့သည်။


မာဆယ်လိုဒီယာ့ဇ်၏ အမှား မှတစ်ဆင့် လားစ်စတင်ဒ်လ်က မိနစ် ၄၀ တွင် ဂျာမနီအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည်။

ဇွန်လ ၃၀ ရက်က ပိုလန် နိုင်ငံ၌ ယှဉ်ပြိုင်ပြီးစီးခဲ့သည့် အ သက် (၂၁)နှစ်အောက် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲတွင် စပိန်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်စွဲ ခဲ့ပြီးနောက် ချန်ပီယံဆုကို ကာ ကွယ်ရမည့် ကမ္ဘာ့ဖလားပွဲ မစ တင်မီ ၁၂ လ အလို၌ ဂျာမနီ ပရိသတ်များအနေဖြင့် နောက် ထပ်အရေးကြီး ဆုဖလားတစ်လုံး အတွက် အောင်ပွဲခံခွင့်ရခဲ့သည်။

အာဂျင်တီးနားကို အနိုင်ယူ ကာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဆု ဆွတ်ခူးခဲ့စဉ်က ကစားခဲ့သည့် အဓိက ကစားသမားအမြောက်အ မြားမပါဝင်ဘဲ ဂျာမနီသည် ယခု ကွန်ဖက်ဒရေးရှင်းဖလားတွင် ဗိုလ်စွဲခဲ့ခြင်းလည်းဖြစ်သည်။

‘‘ကျွန်တော်တို့ ကောင်း ကောင်းတိုက်ပွဲဝင်နိုင်ခဲ့ပြီး ဒီအ နိုင်နဲ့ထိုက်တန်ပါတယ်။ ဆုဖလား တိုင်းက အရေးပါတာချည်းပဲဖြစ် ပေမယ့် လူငယ်တွေနဲ့ယှဉ်ပြီးရ တာက ပိုပြီး ချိုမြိန်ပါတယ်’’ဟု ဂျာမနီအသင်းခေါင်းဆောင်ဂျူလီ ယန်ဒရက်စလာက ပြောသည်။

ယခုပွဲတွင် ဂိုးပေါက် ကန် သွင်းမှု ၂၂ ကြိမ်ရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းမရှိခဲ့ သည့် ချီလီသည် ယခုအခါ၂၀၁၈ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရေး ပြန် လည် အာရုံစိုက်ရမည်ဖြစ်သည်။ လေးပွဲကစားရန်သာ ကျန်ရှိတော့ သည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အဆင့် (၄)၌ ရပ်တည်နေသည့် ချီလီသည် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင် ခွင့် မလွဲချော်စေရန် နောက်တန်းအမှားများကို ပြုပြင်ရမည်ဖြစ်ပြီး ရှေ့တန်း၌ အဆုံးသတ်သေချာ စေရန် လုပ်ဆောင်ရမည်ဖြစ် သည်။

ချီလီအသင်းခေါင်းဆောင် ဂိုးသမားဘရာဗိုက ဂျာမနီနှင့်၎င်းတို့အသင်းကြား ခြေစွမ်းကွာဟမှု သိပ်မရှိကြောင်း ပြောကြားပြီး အနိုင်မရခဲ့ခြင်းအတွက် ၀မ်းနည်းမိကြောင်း၊ သို့သော် ၎င်းတို့သည် ကမ္ဘာ့အဆင့်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရပြီး အမှားများမှတစ်ဆင့် သင်ခန်းစာယူရမည်ဖြစ်ကြောင်း ပြောကြားသည်။