Live Score

 

ဘာကာ မထင်မှတ်ဘဲ ရှုံးပွဲကြုံပြီး ရီးရဲလ် လာလီဂါကို ပြန်လည်ဦးဆောင်

ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး နောက်တစ်ဆင့်သို့တက်ခဲ့သည့် ဘာစီလိုနာသည်တန်းဆင်းဇုန်ထဲ မကျရောက်ရေး ရုန်းကန်နေရသော ဒီပို့တီဗိုအ သင်းကို ၂-၁ ဂိုးဖြင့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သဖြင့် ပထမနေရာမှ ဆင်းပေးခဲ့ရသည်။

 

ဒီပို့တီဗိုတိုက်စစ်မှူး ဂျို့စ်လူ ၏ အဖွင့်ဂိုးကို ဆွာရက်ဇ်က ပြန်လည်ချေပခဲ့သော်လည်း ၇၄ မိနစ်တွင် သွင်းယူသော ဘာဂန်တီနို၏ ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက် ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်သည်။

 

 

‘‘ရှုံးပွဲရလဒ်ကို ကျွန်တော်တို့ လက်ခံရပါမယ်။ ပွဲတွေအများကြီးယှဉ်ပြိုင်ကစားရဖို့ ကျန်သေး တယ်ဆိုတာလည်း သဘော ပေါက်ပါတယ်’’ဟု ဘာစီလိုနာ နည်းပြ လူးဝစ်အင်းနရစ်က ပြော ကြားပြီး မိမိတို့အသင်း ရုန်းကန် ခဲ့ရသည်ဟု ဆိုသည်။

 

ဒီပို့တီဗိုကို ရှုံးနိမ့်ပြီးနောက်ဘာကာနောက်ခံလူ ပီကေးက မိမိတို့အသင်းသည် စက်ရုပ်များ မဟုတ်ကြောင်း ပြောကြားလိုက်သည်။

 

‘‘ပီအက်စ်ဂျီနဲ့ပွဲမှာ ရေကုန် ရေခန်းကစားရပြီးတဲ့နောက် ယှဉ် ပြိုင်ဖို့ ခက်ခဲပါတယ်။ ပွဲကို ကျွန် တော်တို့ စိတ်ကြိုက်မကစားနိုင် ခဲ့ပါဘူး’’ဟု နောက်ခံလူ ပီကေး က ပြောသည်။

 

ဘာကာ၏ နောက်မှ ယှဉ် ပြိုင်ခဲ့ရသည့် ရီးရဲလ်မက်ဒရစ် သည် ရီးရဲလ်ဘက်တစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ဇယားထိပ်ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ ဂိုးသမား နာဗက်စ်၏ ပေါဆမှုမှ တစ်ဆင့်ခွင့်ပြုခဲ့ရသည့် အဖွင့်ဂိုးကို စီရော်နယ်ဒိုက ချေပခဲ့ပြီး ရာမို့စ်က၈၁ မိနစ်တွင် လိုအပ်နေသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ရီးရဲလ်သည် ယခုနိုင်ပွဲကြောင့် ဘာကာထက် တစ်ပွဲလျော့ကစားကာ နှစ်မှတ်အသာဖြင့် ထိပ်ဆုံးနေရာပြန်ရောက်ခဲ့သည်။

 

အခြားပွဲများတွင် ဘီလ်ဘာအိုက ဆိုစီဒက်ကို ၂-၀ ဂိုးဖြင့်အနိုင်ယူပြီး ဆိုစီဒက်၏ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မျှော်လင့်ချက်ကို ထိခိုက်စေခဲ့သည်။ ဗီလာရီးရဲလ်က ဆယ်လ်တာဗီဂိုကို၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် ၎င်းတို့အတွက် လိဂ်သုံးပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်သည်။