Live Score

 

မိုရက်တာကို ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူရန် ချယ်လ်ဆီးသဘောတူ

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးအယ်လ်ဖာရို မိုရက်တာကို ခေါ်ယူရန်သဘောတူညီမှု ရရှိပြီဟု ချယ်လ်ဆီး အသင်းက ကြေညာသည်။

 

ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးက မိုရက်တာကို ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူမည်ဟု သတင်းများက ဖော်ပြသော်လည်း ၎င်းသည် ချယ်လ်ဆီးတွင် ဆေးစစ်မှုခံယူရမည်ဖြစ်ကာ ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူရန် ကျန်ရှိ သေးသည်။

အစောပိုင်းတွင် စပိန်လက်ရွေးစင်ကို မန်ယူက စိတ်ဝင်စားမှု ပြသခဲ့သော် လည်း လူကာကူကို ခေါ်ယူရန် ဆုံးဖြတ် ခဲ့သည်။

မိုရက်တာ (၂၄)နှစ်သည် ချယ်လ်ဆီးအသင်းမှ ထွက်ခွာမည့် ဒီယေဂိုကော်စတာ၏ နေရာတွင် အစားထိုးဝင်ရောက်လာမည်ဖြစ်ကာ နည်းပြကွန်တီက ကော်စတာကို အသင်း၌ မလိုအပ်တော့ဟု ပြောကြားထားသည်။

ချယ်လ်ဆီးအသင်းသည် ယခု နွေရာသီတွင် ကာဘယ်လီရို၊ အန်တိုနီယိုရူဒီဂါနှင့် ဘာကာယိုကိုတို့ကို ခေါ်ယူထားကာမိုရက်တာသည် လေးဦးမြောက် ခေါ် ယူမှုဖြစ်သည်။

မိုရက်တာသည် ဂျူဗင်တပ် အသင်းတွင် နှစ်ရာသီကစားခဲ့ပြီးနောက် ပြီးခဲ့ သည့်ရာသီကမှ ရီးရဲလ်သို့ ပြန်လာပြီး ဇီဒန်း၏လက်အောက်၌ ဂိုးပေါင်း ၂၀ သွင်းယူခဲ့သော်လည်း ပုံမှန်ပွဲ ထွက်ခွင့် အာမခံချက်မရရှိဘဲ ဘန်ဇီးမား၊ ရော်နယ်ဒိုတို့နှင့် ယှဉ် ပြိုင်နေရသည်။

မိုရက်တာသည် စပိန်လက် ရွေးစင်အသင်းအတွက် (၂၁) ကြိမ် ကစားပြီး ကိုးဂိုးသွင်းယူထား သည်။