Live Score

 

ဘလော့တယ်လီနှင့်အတူ လီဗာပူးလ်အသင်း ပြန်လာပြီး မန်ယူအသင်း သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံး

ပရီးမီးယားလိဂ်ပွဲစဉ်(၃) ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီး ကစားသမားများ ပါဝင်သည့် မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး အသင်းများ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ယခင် တစ်ပတ်က ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ် အသင်းက လန်ဒန်မြို့ခံ စပါးအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လီဗာပူးလ် အသင်းတွင် အေစီမီလန်မှ ပေါင် ၁၆သန်းဖြင့် ၀ယ်ယူခဲ့သော ဘလော့တယ်လီ ပါဝင်ခဲ့သလို ခြေစွမ်းပြကစားပြီး စပါးအသင်းကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ စပါးအသင်းမှာ ရာသီအစ နှစ်ပွဲဆက် အနိုင်ရရှိခဲ့သော်လည်း ယခုပွဲတွင် ခြေစွမ်းပျောက်ဆုံးနေပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မန်ယူအသင်းမှာ ရီးရဲလ်မက်ဒရစ်မှ ကွင်းလယ်ကစားသမား ဒီးမာရီယာကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ဖြင့် ၀ယ်ယူခဲ့ပြီး ဘန်လေနှင့်ပွဲတွင် ထည့်သွင်းကစားစေခဲ့သော်လည်း ဒဏ်ရာ ရရှိသဖြင့် ပွဲမပြီးခင် ကွင်းပြင်သို့ ထွက်ခွာသွား ခဲ့ရသည်။ ဒီးမာရီယာမှာ မန်ယူကွင်းလယ်တွင် ခြေစွမ်းပြကစားခဲ့သော်လည်း မန်ယူတိုက်စစ်မှူးများ ဖြစ်သည့် ရွန်းနီ၊ ဗန်ပါစီ နှင့် အက်ရှ်လေယန်းတို့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့၍ ဘန်လေကွင်း၌ သရေတစ်မှတ်သာ ရရှိခဲ့သည်။ မန်ယူအသင်းမှာ ကစားပုံမကောင်းဘဲ စိုးရိမ်စိတ်များနေကာ သုံးပွဲကစား နှစ်မှတ်သာ ရရှိသေးသဖြင့် နည်းပြ လူးဝစ်ဗန်ဟားလ်မှာ ဖိအားများစွာ ၀င်ရောက်ခဲ့ရသည်။ သုံးပွဲဆက် အနိုင်ဖြင့် ခြေစွမ်းပြနေသော ချဲလ်ဆီးအသင်းမှာ အဲဗာတန်ကို ၆-၃ ဂိုးဖြင့် အနိုင် ရရှိခဲ့ရာတွင် ယခုရာသီ၌ အက်သလက်တီကိုမှ ၀ယ်ယူထားသော ဒီယေဂိုကော်စတာက နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ချဲလ်ဆီးအတွက် သုံးပွဲတွင် လေးဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းမှာ အိမ်ကွင်း၌ စတုတ် စီးတီးအသင်းကို မထင်မှတ်ဘဲ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး  သေချာပေါက် သွင်းယူသည့် ဂိုးများကို စတုတ်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ စတုတ် အသင်းမှ ယာယာတိုရေးကို ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း ဒိုင်လူကြီးက ပယ်နတီ မပေးခဲ့ပေ။ လက်စတာနှင့် အာဆင်နယ်အသင်း ကစားသည့် နောက်ဆုံးပွဲစဉ်တွင် အာဆင်နယ်က လက်စတာကို ၁-၁ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့သည်။ ပွဲစဉ်သုံးပွဲ ကစားအပြီးတွင် ချဲလ်ဆီး အသင်းနှင့် ဆွမ်ဆီးအသင်းသားများက ၁၀၀ရာခိုင်နှုန်း အနိုင်ဖြင့် အမှတ်ပေးဇယားတွင် ဦးဆောင်လျက် ရှိသည်။